အီရန်ကို အမြစ်ပြတ်ချေမှုန်းပြီးမှသာ စစ်ပွဲပြီးမည်ဟု ထရမ့်ပြော
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်နှင့် ညှိနှိုင်းဆွေးနွေးရန် စိတ်မဝင်စား ကြောင်း၊ အီရန်စစ်တပ်နှင့် အီရန်ခေါင်းဆောင်ပိုင်းများအားလုံး အမြစ်ပြတ် ချေမှုန်းခံရသည့်အချိန်မှသာ အီရန်စစ်ပွဲ ပြီးဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မတ်လ ၈ ရက် အစောပိုင်းတွင် အမေရိကန်၏မဟာမိတ် အစ္စရေးနိုင်ငံက အီရန်နိုင်ငံတစ်ဝန်းကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး ကမ္ဘာ့ရေနံဈေးကွက်ကို လှုပ်ခတ်စေခဲ့သော ထိုစစ်ပွဲသည် ယခုအခါ ဒုတိယမြောက် သီတင်းပတ်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။ “တစ်ချိန်ချိန်မှာတော့ သူတို့ (အီရန်) ဘက်က အရှုံးပေးမယ်ဆိုသည့် စကားကို ပြောမယ့်သူတောင် ကျန်တော့မှာမဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်သည် ၂၀၀၃ ခုနှစ် အီရတ် ကျူးကျော်စစ်နောက်ပိုင်း အကြီးမားဆုံး အမေရိကန်၏ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးဖြစ်သည့် Operation Epic Fury ကို လုပ်ဆောင်ရာတွင် အီရန်သည် အမေရိကန်အပေါ် ချက်ချင်းလက်ငင်း ကျရောက်လာတော့မည့် ခြိမ်းခြောက်မှုဖြစ်နေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု အကြောင်းပြခဲ့သည်။
သို့သော် ထိုအကြောင်းပြချက်အတွက် ခိုင်လုံသော အထောက်အထားများကိုမူ ထရမ့်က ထုတ်ဖော်ပြသခြင်း မရှိသေးပေ။ ထို့ပြင် အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် အခြေအနေနှင့် အလွန်နီးကပ်နေပြီ ဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် စစ်ပွဲ၏နောက်ပိုင်း အဆင့်များတွင် အီရန်၏ သန့်စင်ပြီး ယူရေနီယံ သိုလှောင်ရုံများကို ထိန်းချုပ်နိုင်ရန်အတွက် အထူးတပ်ဖွဲ့များစေလွှတ်ရန် ဆွေးနွေးနေကြောင်း သတင်းရင်းမြစ်လေးခုကို ကိုးကားပြီး Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
အီရန်၏ နျူကလီးယားစခန်းများကို ထိန်းချုပ်ရန် မြေပြင်တပ်ဖွဲ့များ စေလွှတ်နိုင်ခြေ ရှိ၊ မရှိ သတင်းထောက်များက မေးမြန်းချိန်တွင် ထရမ့်က ထိုအစီအစဉ်သည် နောက်ပိုင်းအဆင့်အများ၌ လုပ်ဆောင်ဖွယ်ရှိကြောင်း ဖြေကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆော်ဒီ၊ ကူဝိတ်၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံ အစိုးရများက ၎င်းတို့၏ နိုင်ငံများအတွင်း အီရန်က ဒုံးပျံများ၊ ဒရုန်းများဖြင့် တိုက်ခိုက် ခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
အထူးသဖြင့် ကူဝိတ်နိုင်ငံတွင် အစိုးရရုံး အဆောက်အအုံတစ်ခု၌ အီရန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်သည့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ကိုးကား - CNI International News
