အိမ်ဖြူတော်အနီး သေနတ် ပစ်ခတ်မှုဖြစ်ပွား၊ သံသယရှိသူ သေဆုံး

News Image

  • အိမ်ဖြူတော်အနီး သေနတ် ပစ်ခတ်မှုဖြစ်ပွား၊ သံသယရှိသူ  သေဆုံး

ဝါရှင်တန် မေ ၂၄

အိမ်ဖြူတော်အနီး ပစ်ခတ်မှုတွင် သံသယရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးဌာနက ယမန်နေ့တွင် ကြေညာခဲ့သည်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွားစဉ် သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်၌ ရှိနေသော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။ သံသယရှိသူမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။

၎င်းသည် ဖက်ဒရယ်အေးဂျင့်များနှင့် ယခင်က တွေ့ဆုံခဲ့ဖူးပြီး စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်ရန်အတွက် ထိန်းသိမ်းခံထားရသူတစ်ဦးဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် အိမ်ဖြူတော်ဝင်းအပြင်ဘက်ရှိ စစ်ဆေးရေးဂိတ်တစ်ခုသို့ ချဉ်းကပ်ကာ ၎င်း၏အိတ်ထဲမှ သေနတ်ဖြင့် လုံခြုံရေးအရာရှိများကို စတင်ပစ်ခတ်ခဲ့ရာ လုံခြုံရေးအရာရှိများက လည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါ သံသယရှိသူအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။ 

အဆိုပါဖြစ်စဉ်တွင် အနီးဝန်းကျင်ရှိ ပြည်သူတစ်ဦးလည်း သေနတ်ထိမှန်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သို့သော် ၎င်းနှင့်ပတ်သက်ပြီး အသေးစိတ်ဖော်ပြခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့်လက သမ္မတထရမ့် တက်ရောက်သည့် ညစာစားပွဲတစ်ခုတွင်လည်း လုံခြုံရေးဂိတ်သို့  လက်နက်ကိုင်အမျိုးသားတစ်ဦး အတင်းဝင်ရောက်ရန် ကြိုးပမ်းစဉ် လုံခြုံရေးအရာရှိများက ၎င်းအား ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

MDN