၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများ စတင်ဖြေဆို

News Image

  • ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများ စတင်ဖြေဆို

ရန်ကုန် မတ် ၁၁

     ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများကို  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် စာဖြေကျောင်းသား၊ ‌ကျောင်းသူ ၄၇၂၉၁ ဦး ဖြေဆိုခဲ့ပြီး သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက်    စာစစ်ဌာန  ၁၀၇ ခု ဖွင့်လှစ်ထားပြီး    ယနေ့ မြန်မာစာဘာသာဖြေဆိုသူ ကျောင်းသား ၂၀၈၁၁ ဦး၊ ကျောင်းသူ   ၂၆၀၇၈  ဦး စုစုပေါင်း ၄၆၈၈၉  ဦးရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

 ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရာ၌ မတ်လ ၁၁  ရက်တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ်လ  ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာရပ်၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ်လ ၁၅ ရက်တွင် ဖြေဆိုမှုရပ်နားမည်ဖြစ်ကာ မတ်လ ၁၆ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ်လ ၁၇ ရက်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်တို့ကို ဖြေဆိုမည်ဖြစ်သည်။ 

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲအတွက် မတ်လ ၁၈ ရက်တွင် စက်မှုအတတ်ပညာဘာသာရပ်ကို ဖြေဆိုသွားမည်ဖြစ်သည်။ 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံ တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြသော ကျောင်းသား၊ ကျောင်းသူ (လူနာ)များအတွက်လည်း ဆေးရုံဖြေစာစစ်ဌာနများ   ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထို့ပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပနေသည့် ကာလအတွင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာမေးပွဲတာဝန်ရှိသူများ၊ ကျောင်းသားမိဘပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မော်တော်ယာဉ် အသုံးပြုခွင့်ဆိုင်ရာ အစီအမံများဖြစ်သည့် စာမေးပွဲတာဝန် သို့မဟုတ် "Car Pass"ကတ်ပြားများကို ကားရှေ့မှန်တွင်ကပ်၍ အသုံးပြုခွင့်ပြုခြင်း၊ စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြို၊ ပို့ယာဉ်များကို စုံ/မအက္ခရာ ခွဲခြားခြင်းမရှိဘဲ သွားလာခွင့်ပြုခြင်း၊ ပြင်ပဖြေကျောင်းသား များအနေဖြင့် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ပြသ၍ မော်တော်ဆိုင်ကယ်နှင့်   မော်တော်ယာဉ်များ မောင်းနှင်ခြင်းတို့ကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

 ၂၀၂၅- ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသို့ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ နှစ်သိန်းခြောက်သောင်းကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

MWD