၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ် ဆက်လက်ဖြေဆို
ရန်ကုန် မတ် ၁၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၁၁၁ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြသည်။
ယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ၂၀၇၅၇ ဦး၊ ကျောင်းသူ ၂၆၀၄၉ ဦးဖြင့် စုစုပေါင်း ၄၆၈၀၆ ဦးဖြေဆိုခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၉၅ ဒသမ ၀၃ ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုရန် ဝင်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ တစ်ပါတည်းပါရှိရန်နှင့်စာဖြေရန် အထောက်အကူပြုပစ္စည်းများ ယူဆောင်ရန် တာဝန်ကျ ဆရာ၊ ဆရာမများက သတိပေးကြပြီး စာမေးပွဲဖြေဆိုခွင့်ကတ်မေ့ကျန်ခဲ့သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူများကို တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ စာစစ်ဌာနများအလိုက် ဆောင်ရွက်ပေးကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၄ ခု၊ မြို့နယ် ၄၅ မြို့နယ်ရှိ စာစစ်ဌာန ၁၁၁ ခုဖွင့်လှစ်ထားရာ စာစစ်ဌာန ၁၀၇ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ၊ စာစစ်ဌာနလေးခု၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိပြီး အင်းစိန်ဗဟိုအကျဉ်းထောင် စာစစ်ဌာန၌ ကျောင်းသား ၃၃ ဦး၊ ကျောင်းသူ ၃ ဦးဖြင့် စုစုပေါင်း ၃၆ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျောင်းသား ၁ ဦး၊ ကျောင်းသူ ၁ ဦးနှင့် မြောက်ဥက္ကလာပဆေးရုံကြီး၌ ကျောင်းသား ၂ ဦး၊ ကျောင်းသူ ၃ ဦး စုစုပေါင်း ၇ ဦး ဖြေဆိုမှုရှိကြောင်း သိရသည်။
MWD
