ဟော်မုဇ် ရေလက်ကြားအတွင်း မိုင်းများထောင်ခြင်းသည် ရေကြောင်းပို့ဆောင်ရေးနှင့် ကမ္ဘာ့စီးပွားရေးအတွက် ဆိုးရွားသော ပရမ်းပတာအခြေအနေများကို ဖြစ်ပေါ်စေလိမ့်မည်ဟု စစ်ရေးကျွမ်းကျင်သူတစ်ဦးက ပြောကြား
ဟော်မုဇ် ရေလက်ကြားအတွင်း မိုင်းများထောင်ထားခြင်းသည် ထိုအရေးပါသော ရေလမ်းကြောင်းကိုဖြတ်သန်းမည့် မည်သည့်သင်္ဘော အတွက်မဆို ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူတစ်ဦးက CNN သို့ ပြောကြားလိုက်သည်။ ကမ္ဘာ့ရေနံစိမ်း ကုန်သွယ်မှု၏ ၂၀% ခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားတွင် အီရန်နိုင်ငံက မိုင်းများ စတင်ထောင်နေပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။
အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ယခင်ကတည်းက ရေလက်ကြားကိုဖြတ်သန်းသည့် မည်သည့်သင်္ဘောကိုမဆို တိုက်ခိုက်မည်ဟု သတိပေးထားခဲ့ပြီး စစ်ပွဲစတင်ချိန်မှစ၍ အဆိုပါ ရေလမ်းကြောင်းမှာ လက်တွေ့တွင် ပိတ်ဆို့ခံထားရသကဲ့သို့ ဖြစ်နေသည်။
အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီး Mark MacCarley က ရေလက်ကြား၏ အကျဉ်းမြောင်းဆုံးနေရာတွင် ၂၀ မိုင်မှ ၂၄ မိုင်သာ ကျယ်ဝန်းသည့် အတွက် သင်္ဘောသွားလာရေးအတွက် မည်မျှအန္တရာယ်ကြီးမားကြောင်း ထောက်ပြခဲ့သည်။ "သင်္ဘောတွေအနေနဲ့ မိုင်းတွေကို ရှောင်ရှားရမှာဖြစ်ပြီး မိုင်းတွေချထားသည့် ပုံစံက သင်္ဘောမောင်းနှင်သူတွေအတွက် အလွန်ခက်ခဲသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေပါတယ်" ဟု ၎င်းက CNN ၏ Elex Michaelson ကို ပြောကြားခဲ့သည်။ မိုင်းပေါက်ကွဲနိုင်သည့် ခြိမ်းခြောက်မှုများကြောင့် "သင်္ဘောတွေကို အလွန်ကျဉ်းမြောင်းသည့် လမ်းကြောင်းတစ်ခုထဲကို ဝင်သွားအောင် ဖိအားပေးသလို ဖြစ်နေပါတယ်" ဟု ၎င်းက ရှင်းပြသည်။
သင်္ဘောတစ်စင်းစင်း မိုင်းထိမှန်ခဲ့ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ ပိုမိုကြီးမားနိုင်ကြောင်းလည်း ၎င်းက သတိပေးသည်။ "ရေနံတင်သင်္ဘောကြီးတွေ မိုင်းနဲ့ထိမိရန် အလားအလာရှိနေပြီး အကယ်၍ အဲဒီလို ရေနံတင်သင်္ဘောကြီး ၂ စင်း၊ ၃ စင်းလောက်သာ ပိတ်ဆို့သွားခဲ့မယ်ဆိုရင် ဟော်မုဇ် ရေလက်ကြားရဲ့ အစိတ်အပိုင်းတွေ ပိတ်ဆို့သွားနိုင်သည့်အန္တရာယ် အလွန်ကြီးမားပါတယ်" ဟု ၎င်းက ဆိုသည်။ ယင်းသို့ဖြစ်လာပါက ကမ္ဘာ့ နိုင်ငံအများစု၏ စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိသွားမည် ဟု MacCarley က ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: The New York Times
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
