‘စစ်ဘက်ဆိုင်ရာမာဖီးယား’ ငွေသားယာဉ်တန်းကိစ္စအား ယူကရိန်းဘက်မှ ရှင်းလင်းချက်မပေးနိုင်ဟု ဟန်ဂေရီပြောကြား
ယူကရိန်းနိုင်ငံမှ ငွေသားနှင့်ရွှေများ တင်ဆောင်လာသော သံချပ်ကာ ယာဉ်တန်းတစ်ခုကို ဟန်ဂေရီနိုင်ငံအတွင်း ဖြတ်သန်းခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ ယူကရိန်းဘက်မှ ရှင်းလင်းချက်ပေးနိုင်ခြင်းမရှိကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီဂျာတိုက ပြောကြားလိုက်သည်။ အဆိုပါယာဉ်တန်းကို ယူကရိန်းထောက်လှမ်းရေးနှင့် ဆက်နွှယ်သူများက ကြီးကြပ်ကွပ်ကဲနေခြင်းဖြစ်ပြီး ယင်းရန်ပုံငွေများသည် လာမည့် ဟန်ဂေရီရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်ရှိနေခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက အရိပ်အမြွက် ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က ဟန်ဂေရီအာဏာပိုင်များသည် ဘူဒါပက်မြို့ အနီးတွင် ယူကရိန်းနိုင်ငံပိုင် Oschadbank ဘဏ်ပိုင်သံချပ်ကာယာဉ် နှစ်စီးကိုဖမ်းဆီးခဲ့ပြီးနောက် နှစ်နိုင်ငံအကြားတင်းမာမှုများ မြင့်တက်လာခဲ့သည်။ ငွေကြေးခဝါချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀ ၊ ယူရို ၃၅ သန်းနှင့် ရွှေ ၉ ကီလိုဂရမ်တို့ကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါငွေကြေးများကို သြစတြီးယားနိုင်ငံ Raiffeisen ဘဏ်မှတစ်ဆင့် ယူကရိန်းသို့ ပို့ဆောင်နေခြင်းဖြစ်သည်။
ဟန်ဂေရီဘက်၏ ပြောကြားချက်အရ အဆိုပါယာဉ်တန်းကို ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) မှ အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးက ကြီးကြပ်နေခြင်းဖြစ်ပြီး လုံခြုံရေးလိုက်ပါသူများမှာလည်း စစ်ဘက်ဆိုင်ရာနောက်ခံရှိသူများဖြစ်ကြောင်း သိရှိရသည်။ လိုက်ပါလာသူ ၇ ဦးစလုံးကို ယူကရိန်းသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်သော်လည်း သိမ်းဆည်းထားသော ပစ္စည်းများနှင့်ယာဉ်များကိုမူ ဟန်ဂေရီက ဆက်လက် ထိန်းသိမ်း ထားသည်။ ယူကရိန်းဘက်ကမူ အဆိုပါလုပ်ရပ်ကို နိုင်ငံတော်အဆင့်ဓားပြတိုက်မှုနှင့် ခြိမ်းခြောက်အကျပ်ကိုင်မှုဟု ပြင်းထန်စွာ ရှုတ်ချ ထားသည်။
အင်္ဂါနေ့ (မတ် ၁၀) တွင် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီဂျာတို က အဆိုပါယာဉ်တန်းသည် ယူကရိန်း၏ "စစ်ဘက်ဆိုင်ရာမာဖီးယား" (War Mafia) နှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ယင်းယာဉ်တန်းနှင့် ယခင်က အလားတူငွေလွှဲပြောင်းမှုများအပေါ်အခြေခံကျသောမေးခွန်းများကို ဖြေကြားရန် ပျက်ကွက်ခဲ့သည့် ယူကရိန်း အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
"ဘဏ်နှစ်ခုကြားမှာ ဒေါ်လာ ၁.၁ ဘီလီယံမှ ၁.၂ ဘီလီယံအထိ ငွေသားနဲ့ အပြန်အလှန်ပေးချေမှုမျိုးကို ကျောက်ခေတ်တုန်း ကလောက်မှာပဲ ကြားဖူးသလိုမျိုး ဖြစ်နေတယ်" ဟု ဆီဂျာတိုက ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက ယာဉ်တန်း၏ ခရီးလမ်းကြောင်းနှင့်ပတ်သက်၍လည်း မေးခွန်းထုတ်ခဲ့သည်။ "ကိယက်ဗ်နဲ့ ဆက်ဆံရေးကောင်းမွန်သည့် NATO အဖွဲ့ဝင်နိုင်ငံ ပိုလန်ကိုကျော်ဖြတ်ပြီး ဟန်ဂေရီလမ်းကြောင်းကို ဘာကြောင့်ရွေးချယ်ခဲ့ရတာလဲ ၊ ဒီငွေတွေက ဒီမှာ ဘာလာလုပ်တာလဲ၊ ပြီးတော့ လုံခြုံရေးလိုက်ပါသူတွေထဲမှာ ယူကရိန်းလျှို့ဝှက်ထောက်လှမ်းရေးတွေနဲ့ စစ်ဘက်ဆိုင်ရာ ဆက်နွှယ်သူတွေက ဘာလုပ်နေတာလဲ" ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ဖမ်းဆီးခံထားရသည့် ယူကရိန်းနိုင်ငံသားများကို ဟန်ဂေရီနိုင်ငံတွင် တရားဥပဒေအရ ကိုယ်စားပြုဆောင်ရွက်ပေးနေသည့် ဥပဒေကုမ္ပဏီမှာ ဟန်ဂေရီ၏ အတိုက်အခံပါတီဖြစ်သော Tisza ပါတီနှင့် ဆက်နွှယ်နေခြင်း မှာ အလွန်သံသယဖြစ်ဖွယ်ကောင်းသည်ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။
ဧပြီလ ၁၂ ရက်နေ့တွင်ကျင်းပမည့် ဟန်ဂေရီပါလီမန်ရွေးကောက်ပွဲတွင် ရလဒ်တစ်စုံတစ်ရာရရှိစေရန် ယူကရိန်းဘက်က ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေခြင်းနှင့် အဆိုပါငွေကြေးများ ဆက်စပ်နေနိုင်ကြောင်း ဆီဂျာတိုက အရိပ်အမြွက် ပြောကြားခဲ့သည်။ "ယူကရိန်းဘက်က ရွေးကောက်ပွဲ ရလဒ်တစ်ခုခုကိုလိုလားနေပြီး ဟန်ဂေရီမှာလည်း Forint သန်းပေါင်း ၅၀၀ ခန့်လှည့်လည်နေတယ် ၊ အခုတော့ အဲဒီနှစ်ခုကြားမှာ ဘယ်လောက် အထိ ဆက်စပ်မှုရှိသလဲဆိုတာကို စုံစမ်းဖော်ထုတ်ရတော့မှာပါ" ဟု ၎င်းက ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
