အမေရိကန်အစိုးရ၏ ကြွေးမြီ ၅ လအတွင်း ဒေါ်လာ ၁ ထရီလီယံကျော် တိုးလာ
အမေရိကန်အစိုးရသည် ပြီးခဲ့သည့်အောက်တိုဘာလမှစ၍ ငါးလတာကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ထရီလီယံခန့် ထပ်မံချေးယူခဲ့ရကြောင်း ကွန်ဂရက်လွှတ်တော် ဘတ်ဂျက်ရုံး (CBO) ၏ နောက်ဆုံးအစီရင်ခံစာအရ သိရှိရသည်။ အဆိုပါဖြစ်စဉ်သည် ပြည်ထောင်စု၏ ဘတ်ဂျက်လိုငွေပြမှု ပိုမိုဆိုးရွားလာမှုကို ထင်ဟပ်စေလျက်ရှိသည်။
CBO က တနင်္လာနေ့ (မတ် ၉) တွင် ထုတ်ပြန်ခဲ့သည့် လစဉ်ဘတ်ဂျက် သုံးသပ်ချက်အရ ဖေဖော်ဝါရီလတစ်လတည်းမှာပင် အမေရိကန်အစိုးရ ၏ ကြွေးမြီပမာဏမှာ ဒေါ်လာ ၃၀၈ ဘီလီယံအထိ တိုးမြင့်လာခဲ့သည်။ အဆိုပါကဲ့သို့ ကြွေးမြီများမြင့်တက်လာရခြင်းမှာ အများပြည်သူဆိုင်ရာကြွေးမြီများအတွက် အတိုးပေးဆပ်မှုများမြင့်မားလာခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အစိုးရ၏ အသုံးစရိတ်များ တိုးမြင့်လာခြင်း တို့ကြောင့် ဖြစ်သည်။
အလားတူကာလအတွင်း အီရန် နိုင်ငံအား တိုက်ခိုက်မှု၏ ပထမနှစ်ရက်အတွင်းမှာပင် အမေရိကန်စစ်တပ်အနေဖြင့် ခဲယမ်းတန်ဖိုး ဒေါ်လာ ၅.၆ ဘီလီယံအထိ သုံးစွဲခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ငါးလတာကာလအတွင်း အမေရိကန်ဘဏ္ဍာရေးဌာနသည် နိုင်ငံတော်ကြွေးမြီအတွက် အတိုးပေးဆပ်ရန် ဒေါ်လာ ၄၃၃ ဘီလီယံအထိ သုံးစွဲခဲ့ရပြီးလက်ရှိတွင် နိုင်ငံတော်ကြွေးမြီစုစုပေါင်းမှာ ဒေါ်လာ ၃၈.၉ ထရီလီယံ အထိ နီးကပ်လာပြီဖြစ်သည်။
အဆိုပါအခြေအနေနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူမှုရှိရေးကော်မတီ (CRFB) ၏ ဥက္ကဋ္ဌ မာယာ မက်ဂွီနက်စ်က “အဆိုပါ အခြေ အနေသည် ရေရှည်အတွက် မည်သို့မျှ တည်တံ့နိုင်မည်မဟုတ်ပါ” ဟု သတိပေးလိုက်သည်။ သူမက မူဝါဒချမှတ်သူများအနေဖြင့် ဘတ်ဂျက်လိုငွေကို အမြန်ဆုံးလျှော့ချရန်နှင့် ဘတ်ဂျက်လိုငွေကို GDP ၏ ၃% သို့ လျှော့ချရန် ပစ်မှတ်ထားလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ အမေရိကန်သည် ယခင်ကထက် ပိုမိုများပြားသော ကြွေးမြီများဖြင့် နောက်ထပ် ဘဏ္ဍာရေးအကျပ်အတည်းတစ်ခုဆီသို့ ဦးတည်နေကြောင်း သုတေသနအဖွဲ့အစည်းတစ်ခုက သတိပေးလိုက်သည်။
တစ်ဖက်တွင်လည်း ဝါရှင်တန်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ အမေရိကန် စစ်တပ်သည် အီရန်နိုင်ငံအားတိုက်ခိုက်သည့် ပထမနှစ်ရက်အတွင်း မှာပင် ခဲယမ်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံအထိ သုံးစွဲခဲ့ကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် လာမည့်ရက်ပိုင်းအတွင်း ကွန်ဂရက်လွှတ်တော်သို့ နောက်ထပ်ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံအထိ တောင်းခံရန်ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
အဆိုပါစစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်များက စိုးရိမ်မှုများ ပိုမိုမြင့်တက်လာလျက်ရှိသည်။ အကြောင်းမှာ သမ္မတထရမ့်၏ အီရန်အပေါ် စစ်ရေးအရ ဆောင်ရွက်ချက်များသည် ရည်မှန်းချက်ပီပီပြင်ပြင်မရှိဘဲ ရှေ့နောက်မညီသော သတင်း စကားများသာ ထွက်ပေါ်နေခြင်းကြောင့်ဖြစ်သည်။
Politico သတင်းဌာန၏ဖော်ပြချက်အရ ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် အဆိုပါပဋိပက္ခသည် အနည်းဆုံး ရက်ပေါင်း ၁၀၀ သို့မဟုတ် စက်တင်ဘာလအထိ ကြာမြင့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။ အဆိုပါ ခန့်မှန်းချက်သည် သမ္မတထရမ့်၏ မူလပြောကြားထားသည့် လေးပတ်အတွင်းပြီးဆုံးမည်ဟူသော အချိန်ကာလနှင့် လုံးဝဆန့်ကျင်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
