ယူကရိန်းအတွက် ကန့်သတ်ချက်ရှိသော တွဲဖက် အီးယူအဖွဲ့ဝင်အဆင့် ဂျာမနီ ဝန်ကြီးချုပ် အဆိုပြု
ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာဇ် (Friedrich Merz) က ယူကရိန်းနိုင်ငံ၏ အီးယူ (EU) အဖွဲ့ဝင်ဖြစ်ရေး မျှော်မှန်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ၎င်းအား အီးယူအတွင်း ကန့်သတ်ချက်ရှိသော ကြားဖြတ် သို့မဟုတ် တွဲဖက်အဖွဲ့ဝင်အဆင့် (Associate Membership) တစ်ခု သတ်မှတ်ပေးရန် အီးယူခေါင်းဆောင်များထံ စာရေးသားပေးပို့၍ အဆိုပြုလိုက်ကြောင်း ရိုက်တာနှင့် ယူရိုနယူးစ် အပါအဝင် မီဒီယာများက ဖော်ပြခဲ့ကြသည်။
ယင်းအဆိုပြုချက်အရ ယူကရိန်းသည် အီးယူရန်ပုံငွေပံ့ပိုးသည့် အစီအစဉ်အချို့ကို အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး တိုက်ခိုက်ခံရပါကလည်း အဖွဲ့ဝင်များထံမှ အကူအညီတောင်းခံနိုင်မည့်အပြင် အီးယူအစည်းအဝေးများကို တက်ရောက်ခွင့်ရရှိမည်ဖြစ်သော်လည်း မဲခွဲဆုံးဖြတ်ပိုင်ခွင့်ကိုမူ (မဲပေးခွင့်) ရရှိမည်မဟုတ်ပေ။ ထို့ပြင် ယခုအဆင့်အတန်းသည် ပုံမှန်အဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းစဉ်ကို အစားထိုးမည်မဟုတ်ဘဲ တောင်းဆိုထားသောပြုပြင် ပြောင်းလဲမှုများကို ယူကရိန်းဘက်က ပျက်ကွက်ပါက ပြန်လည် ရုပ်သိမ်းခံရနိုင်ကြောင်း သိရှိရသည်။
ဂျာမနီဝန်ကြီးချုပ် မာဇ်က မရေမတွက်နိုင်သော အတားအဆီးများနှင့် အဖွဲ့ဝင်နိုင်ငံများ၏ အတည်ပြုချက်ရယူရေး နိုင်ငံရေးရှုပ်ထွေးမှုများကြောင့် ယူကရိန်းအနေဖြင့် ချက်ချင်း သို့မဟုတ် မကြာခင်ကာလအတွင်း တင်းပြည့်အဖွဲ့ဝင်ဖြစ်လာရန်မှာ မဖြစ်နိုင်ကြောင်းနှင့် လက်တွေ့မကျကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ သို့သော်လည်း ၂၀၂၂ ခုနှစ် ဇွန်လကတည်းက အီးယူ အဖွဲ့ဝင်လောင်းအဆင့်ရရှိထားသည့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးကမူ အထိမ်းအမှတ်သဘောသက်သက် အဆင့်အတန်းမျိုးကို ငြင်းပယ်ထားပြီး ယူကရိန်းသည် အီးယူအဖွဲ့ဝင်နေရာနှင့် ထိုက်တန်ကြောင်း ပြောဆိုကာ ၂၀၂၇ ခုနှစ် ကုန်ဆုံးချိန်တွင် တင်းပြည့်အဖွဲ့ဝင် ရရှိရေးကိုသာ အကြိမ်ကြိမ် တောင်းဆိုထားသည်။
တစ်ဖက်တွင်လည်း ရုရှားအစိုးရဘက်က အီးယူသည် ယူကရိန်းကို အဖွဲ့ဝင်အစစ်အမှန်ပေးရန်ထက် နိုင်ငံရေးအရလှည့်ကွက်အဖြစ်သာအသုံးပြုနေခြင်းဖြစ်ပြီး အီးယူ၏ ကတိကဝတ်သည် လှည်းရှေ့တွင်မြှူထားသည့် မုန်လာဥနီကဲ့သို့သာဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
