ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ထရမ့် ပြောကြား
ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ရေနံတင်သွင်းနေသည့် နိုင်ငံများသည် ထိုရေလက်ကြားလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဝါရှင်တန်အနေဖြင့် အဓိက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့ (မတ် ၁၄) ညပိုင်းတွင် Truth Social လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အီရန်နိုင်ငံအပေါ် ပူးပေါင်းတိုက်ခိုက်မှုများစတင်ခဲ့ရာမှ ဒေသတွင်း၌ အီရန်၏ လက်တုံ့ ပြန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ အရှိန်မြင့်လာသည့် ပဋိပက္ခများကြောင့် အီရန်က ၎င်းတို့အပေါ် ရန်လိုသည်ဟု ယူဆရသော နိုင်ငံများမှ သင်္ဘောများကို ဖြတ်သန်းခွင့်ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့နေ့စဉ် ရေနံနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်၏ ငါးပုံတစ်ပုံခန့်ကို သယ်ယူပို့ဆောင်ပေးနေသည့် ဟော်မုဇ် ရေလက်ကြားမှာ သိသာစွာ ပိတ်ဆို့သွားခဲ့ပြီး ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာလည်း ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်ကာ တစ်စည်လျှင် ဒေါ်လာ ၁၂၀ ဝန်းကျင်အထိ ရောက်ရှိသွား ခဲ့သည်။
ထိုနေ့ အစောပိုင်းကတင်ခဲ့သည့် အခြားပို့စ်တစ်ခုတွင် ဒေါ်နယ်ထရမ့်က “ယခုလို ကန့်သတ်ချက်တွေကြောင့် ထိခိုက်နေရသည့် တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ယူကေနဲ့ တခြားနိုင်ငံတွေအနေနဲ့ ဒီဒေသကို သင်္ဘောတွေစေလွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။ “ဒီအတောအတွင်းမှာတော့ အမေရိကန်က ကမ်းရိုးတန်းတစ်လျှောက်ကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်သွားမှာဖြစ်သလို အီရန်သင်္ဘောတွေကိုလည်း ရေထဲမှာတင် ပစ်ခတ်နှစ်မြှုပ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။
အနောက်နိုင်ငံများသည် ထိုဒေသအတွင်း ၎င်းတို့၏ စစ်ရေးအင်အားကို စတင်ဖြည့်တင်းနေပြီဖြစ်သည်။ အီရန်ဘက်မှ သင်္ဘောများအပေါ် တိုက်ခိုက်မှုများတိုးမြှင့်လာပြီးနောက် ပင်လယ်ကွေ့ဒေသသို့ စစ်အင်အားထပ်မံဖြည့်တင်းရန် ဗြိတိန်ကစဉ်းစားနေကြောင်း ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလေး (John Healey) က ပြောကြားခဲ့ပြီး ယူကေအနေဖြင့် ထိုဒေသတွင် အလိုအလျောက်မောင်းနှင်သည့် မိုင်းရှာဖွေရေးစနစ်များကို ချထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
ပြင်သစ်ရေတပ်သည်လည်း ပဋိပက္ခကြောင့် ခြိမ်းခြောက်ခံနေရသည့် မဟာမိတ်များအား ခုခံကာကွယ်ပေးရန်အတွက် လေယာဉ်တင်သင်္ဘော အုပ်စုအပါအဝင် တိုက်ခိုက်ရေးသင်္ဘော ဆယ်စင်းခန့်ကို မြေထဲပင်လယ်၊ ပင်လယ်နီနှင့် ဟော်မုဇ် ရေလက်ကြားဒေသများသို့ စေလွှတ်ဖြန့်ကြက် ထားကြောင်း သိရှိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araghchi) ကမူ မဟာဗျူဟာမြောက် အရေးပါသော အဆိုပါရေလက်ကြားသည် နိုင်ငံ တကာသင်္ဘောသွားလာရေးအတွက် ဆက်လက်ဖွင့်ထားဆဲဖြစ်သော်လည်း အမေရိကန်နှင့် အစ္စရေးတို့နှင့်ဆက်နွှယ်နေသည့် သင်္ဘောများကိုမူ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း စနေနေ့ (မတ် ၁၄) တွင် ပြောကြားခဲ့သည်။ အခြားနိုင်ငံများအနေဖြင့်မူ ထိုလမ်းကြောင်းမှ လွတ်လပ်စွာ သွားလာနိုင်ဆဲဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က လိုက်ဘေးရီးယားအလံလွှင့်ထူပြီး အိန္ဒိယနိုင်ငံသို့ ဦးတည်မောင်းနှင်လာသည့် ရေနံတင်သင်္ဘောတစ်စင်းသည် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းကာ မွန်ဘိုင်းမြို့သို့ ဆိုက်ကပ်နိုင်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
