တရုတ်ရဲ့အကြီးဆုံးသော ကုန်းရေနှစ်သွယ်သွားသင်္ဘောပေါ်မှာ မောင်းသူမဲ့ ရဟတ်ယာဉ်ကိုမြင်တွေ့ရ
တရုတ်တပ်မတော်ရဲ့ အကြီးဆုံးသော ကုန်းရေနှစ်သွယ်သွား စစ်သင်္ဘောတွေထဲက တစ်စင်းပေါ်မှာ မောင်းသူမဲ့ရဟတ်ယာဉ်အသစ်ကို ပထမဆုံးအကြိမ် တွေ့ရှိလိုက်ရပါတယ်။ တရုတ်နိုင်ငံ CCTV သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့ရုပ်သံဖိုင်အရ Type 075 စစ်သင်္ဘောပေါ်မှာ အဲဒီမောင်းသူမဲ့ရဟတ်ယာဉ်ကိုတွေ့မြင်ခဲ့ရတာဖြစ်ပြီး ဒါဟာတရုတ်နိုင်ငံက စစ်ဆင်ရေးတွေမှာ မောင်းသူမဲ့ရဟတ်ယာဉ်တွေကို ပိုမိုအသုံးပြုလာမယ့် အလားအလာပဲ ဖြစ်ပါတယ်။
အဲဒီမောင်းသူမဲ့ရဟတ်ယာဉ်ဟာ တရုတ် လေကြောင်းကော်ပိုရေးရှင်းက ထုတ်လုပ်တဲ့ အလေးချိန် ၂ တန်ခန့်ရှိ AR-2000 အမျိုးအစားဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ မောင်းသူမဲ့ရဟတ်ယာဉ်ဖြစ်တာကြောင့် လူလိုက်ပါတဲ့ ရဟတ်ယာဉ်တွေမပျံသန်းနိုင်တဲ့ ရာသီဥတုဆိုးဝါးတဲ့ အခြေအနေတွေမှာပါ အသုံးပြုနိုင်မှာပါ။ ကင်းထောက်တာ၊ ရေငုပ်သင်္ဘောတိုက်ဖျက်တာနဲ့တိုက်ခိုက်ရေးတာဝန် တွေကိုပါ ထမ်းဆောင်နိုင်ဦးမှာဖြစ်ပါတယ်။ အခုမြင်တွေ့ရတဲ့မောင်းသူမဲ့ ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့နှစ်ဩဂုတ်လကမှ တာဝန် စတင်ထမ်းဆောင်ခဲ့တဲ့ ဟူပေသင်္ဘောပေါ်မှာဖြစ်နိုင်ပါတယ်။ လက်ရှိတရုတ်နိုင်ငံက Type 075 သင်္ဘောလေးစင်း အသုံးပြုနေပြီး မောင်းသူမဲ့ရဟတ်ယာဉ်တွေကို ပိုမိုပေါင်းစပ်ထည့်သွင်း လာတာတွေ့ရှိရပါတယ်။
MWD
