ဘဂ္ဂဒက်လေဆိပ်နှင့် အမေရိကန်သံတမန်စင်တာကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား
မတ်လ ၁၅ ရက်နေ့တွင် ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ၎င်း၏ ပတ်ဝန်းကျင်ဒေသများသို့ ဒုံးကျည် (၅) စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသတွင်းလုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အမေရိကန်သံရုံးက အသုံးပြုနေသည့် ဘဂ္ဂဒက်သံတမန်ရေးရာ ထောက်ပံ့ကူညီမှုစင်တာ (BDSC) ပစ်မှတ်ထားခံခဲ့ရပြီး အီရတ်နိုင်ငံသား (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လုံခြုံရေးသတင်းရင်းမြစ်များ၏အဆိုအရ ဒေသစံတော်ချိန် ညနေ (၇) နာရီခန့်တွင် ပေါက်ကွဲသံများ စတင်ကြားခဲ့ရခြင်းဖြစ်သည်။ ကနဦး စစ်ဆေးချက်များအရ ဒုံးကျည်တစ်စင်းသည် လေဆိပ်၏ အရပ်ဘက်လေကြောင်း လမ်းညွှန်စက်ရုံပေါ်သို့ ကျရောက်ခဲ့ပြီး နောက်ထပ် ဒုံးကျည် (၄) စင်းမှာ BDSC ဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ချက်ချင်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ CNN သတင်းဌာနအနေဖြင့် အမေရိကန် နိုင်ငံခြားရေးဌာနထံ ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ချက် တစ်စုံတစ်ရာ မရရှိသေးပေ။
ဘဂ္ဂဒက်လေဆိပ်အနီးတစ်ဝိုက် အပါအဝင် အမေရိကန်နှင့် ဆက်စပ်သည့်နေရာများအား ပစ်ခတ်တိုက်ခိုက်မှုများသည် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များ၏ပေါင်းစပ်အမည်ဖြစ်သော "Islamic Resistance in Iraq" အဖွဲ့သည် အမေရိကန်-အစ္စရေးပဋိပက္ခ စတင်ချိန်ကတည်းက တိုက်ခိုက်မှုပေါင်းများစွာအတွက် တာဝန်ယူကြောင်း နေ့စဉ်နီးပါး ထုတ်ပြန်လေ့ရှိသော်လည်း တိုက်ခိုက်သည့်နေရာအတိအကျကိုမူ ဖော်ပြလေ့မရှိပေ။
အမေရိကန်ဘက်ကမူ ၎င်းတို့၏ ဒေသတွင်းအကျိုးစီးပွားများကို ခြိမ်းခြောက်သည်ဟု ယူဆရသည့် အီရန်ကျောထောက်နောက်ခံပြု ရှီယိုက်စစ်သွေးကြွအဖွဲ့များ၏ နေရာများကို ယခင်ကတည်းက တန်ပြန် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
