ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အမေရိကန်၏ တောင်းဆိုချက်အပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများ

News Image

  • ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အမေရိကန်၏ တောင်းဆိုချက်အပေါ်  နိုင်ငံတကာ၏ တုံ့ပြန်မှုများ

အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို လုံခြုံစေရန်အတွက် မဟာမိတ် နိုင်ငံများထံမှ အကူအညီရယူရန် ကြိုးပမ်းနေမှုနှင့်ပတ်သက်၍ “အပြု သဘောဆောင်သည့် တုံ့ပြန်မှုအချို့ ရရှိထားသည်” ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

သမ္မတထရမ့်သည် မတ်လ ၁၅ ရက်နေ့က Air Force One လေယာဉ် ပေါ်၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “သူတို့နဲ့ ဒီနေ့ရော၊ မနေ့ညကပါ အဆက်အသွယ် လုပ်ခဲ့ပါတယ် ၊ အပြုသဘောဆောင်သည့် တုံ့ပြန်မှုအချို့တော့ ရထားပါတယ် ၊ ဒါပေမဲ့ ပါဝင်ဆောင်ရွက်ဖို့ စိတ်မဝင်စားသည့် နိုင်ငံအနည်းငယ်လည်း ရှိပါတယ်” ဟု သမ္မတက ဆိုသည်။ သို့သော်လည်း ထရမ့်သည် ယင်းသို့ တုံ့ပြန်ခဲ့သည့် နိုင်ငံများ၏စာရင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

စစ်ပွဲစတင်ချိန်ကတည်းက လက်တွေ့တွင် ပိတ်ဆို့ခံထားရသကဲ့သို့ ဖြစ်နေသည့် အဆိုပါရေလက်ကြားအတွက် အမေရိကန်၏ တောင်းဆိုချက် အပေါ် နိုင်ငံအသီးသီးက အောက်ပါအတိုင်း တုံ့ပြန်ခဲ့ကြသည် -

တရုတ်နိုင်ငံ

တရုတ်နိုင်ငံအနေဖြင့် စစ်သင်္ဘောများစေလွှတ်ရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်းမရှိသော်လည်း ပဋိပက္ခအပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ဖော်ပြခဲ့သည်။ သမ္မတထရမ့်က တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်နှင့် ပြုလုပ်ရန်စီစဉ်ထားသည့် ထိပ်သီးအစည်းအဝေးကိုရွှေ့ဆိုင်းနိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့မှုနှင့်ပတ်သက်၍ မေးမြန်း ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း က “တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးရာတွင် ထိပ်သီးခေါင်းဆောင်များ၏ သံတမန်ရေးရာမှာ မရှိမဖြစ်လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံအနေဖြင့် အစည်းအဝေးနှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ

လက်ရှိတွင် စစ်သင်္ဘောများစေလွှတ်ရန် အစီအစဉ်မရှိသေးကြောင်း ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီက ပြောကြားခဲ့သည်။ “ကျွန်မတို့အနေနဲ့ စစ်သင်္ဘောစေလွှတ်ရေးနဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး ၊ ဂျပန်ရဲ့ ဥပဒေမူဘောင်အတွင်းကနေ သီးခြားလွတ်လပ်စွာ ဘာလုပ်ပေးနိုင်မလဲဆိုတာကို လက်ရှိမှာ စိစစ်နေပါတယ်” ဟု ၎င်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံ

ဩစတြေးလျအနေဖြင့် စစ်သင်္ဘောများ စေလွှတ်သွားမည် မဟုတ်ကြောင်း တရားဝင် ငြင်းဆိုခဲ့သည်။ “ဒါဟာ ဘယ်လောက်ထိ အရေးကြီးတယ် ဆိုတာ ကျွန်မတို့ သိပါတယ် ၊ ဒါပေမဲ့ ဒါဟာ ကျွန်မတို့ဆီမှာ အကူအညီတောင်းထားသည့် ကိစ္စမဟုတ်သလို၊ ကျွန်မတို့ ပါဝင် ဆောင်ရွက်ပေးမယ့်ကိစ္စလည်း မဟုတ်ပါဘူး” ဟု ပို့ဆောင်ရေးဝန်ကြီး ကက်သရင်း ကင်းက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ

အမေရိကန်၏ တောင်းဆိုချက်ကို သေချာစွာ ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ရင်းနှီးစွာ ဆက်သွယ်ညှိနှိုင်းသွားမှာဖြစ်ပြီး သေချာစွာ စိစစ်ပြီးနောက်မှသာ ဆုံးဖြတ်ချက်ချမှတ်ပါမယ်” ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ယူကေ (ဗြိတိန်) 

ဗြိတိန်အနေဖြင့် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ဖြစ်နိုင်ခြေရှိသမျှ နည်းလမ်းတိုင်းကို ရှာဖွေနေကြောင်း စွမ်းအင်ဝန်ကြီး အက်ဒ် မီလီဘန်းက ပြောကြားခဲ့သည်။ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း “ကျွန်တော်တို့ ပါဝင်ကူညီနိုင်မယ့် နည်းလမ်းမျိုးစုံ ရှိပါတယ်” ဟု ပြောကြားခဲ့ပြီး အဆိုပါ နည်းလမ်းများကို မဟာမိတ်နိုင်ငံများနှင့်အတူ ဆွေးနွေးစိစစ်နေကြောင်း သိရှိရသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂