အီရန်၏ အဓိကရေနံတင်ပို့ရာကျွန်းကို သိမ်းပိုက်ရန် ထရမ့် စဉ်းစားနေကြောင်း Axios ဖော်ပြ

News Image

  • အီရန်၏ အဓိကရေနံတင်ပို့ရာကျွန်းကို သိမ်းပိုက်ရန် ထရမ့် စဉ်းစား နေကြောင်း Axios ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံ၏ ကမ်းလွန်ရေနံချက်လုပ်မှု အချက်အချာကျသော ခါ့ဂ်ကျွန်းကိုသိမ်းပိုက်ရန် အလေးအနက် စဉ်းစားနေကြောင်း ဆွေးနွေးမှုများနှင့်နီးစပ်သည့် အမေရိကန် အရာရှိများကို ကိုးကား၍ Axios သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုသို့လုပ်ဆောင်ရန်အတွက် မြေပြင်စစ်ဆင်ရေး (Ground operation) တစ်ရပ် လိုအပ်နိုင်ဖွယ်ရှိကြောင်းလည်း အဆိုပါသတင်းက ဆိုသည်။

ခါ့ဂ်ကျွန်းသည် ပါရှန်ပင်လယ်ကွေ့ မြောက်ဘက်ပိုင်း၊ အီရန်ကမ်းရိုးတန်း အလွန်တွင် တည်ရှိပြီး ဧရိယာ ၂၀ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းသည်။ ထိုကျွန်းတွင် ခန့်မှန်းခြေ ရေနံစည်ပေါင်း သန်း ၃၀ ခန့် သိုလှောင်နိုင်သည့် အဓိကရေနံသိုလှောင်ရုံကြီးရှိပြီး အီရန်နိုင်ငံ၏ ရေနံစိမ်းတင်ပို့မှု စုစုပေါင်း၏ ၉၀% ကို ထိုကျွန်းမှတစ်ဆင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

စနေနေ့ (မတ် ၁၄) ညက သမ္မတ ထရမ့် ပြောကြားခဲ့ရာတွင် အမေရိကန်တပ်ဖွဲ့များသည် ကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တိုင်းကို ချေမှုန်းဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ကမူ ကျွန်းပေါ်ရှိ မည်သည့်ရေနံ အခြေခံအဆောက်အအုံမျှ ထိခိုက်ပျက်စီးခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။

အကယ်၍ ပါရှန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောများသွားလာမှုကို အီရန်ဘက်က ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါက ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန် ကြိုးပမ်းမည့် နည်းလမ်းကို အမေရိကန်ဘက်က စဉ်းစားနေခြင်းဖြစ်ကြောင်း Axios ၏ သတင်းရင်းမြစ်များအရ သိရှိရသည်။ သတင်းရင်းမြစ်တစ်ခုက Axios သို့ ပြောကြားရာတွင် ပါရှန်ပင်လယ်ကွေ့ ပိတ်ဆို့မှုများ ဆက်ရှိနေပြီး ဒေသတွင်းမှရေနံတင်ပို့မှုများ ကန့်သတ်ခံနေရသရွေ့ "ထရမ့်အနေဖြင့် စစ်ပွဲကို ရပ်တန့်ချင်သည့်တိုင်အောင် ရပ်တန့်နိုင်မည်မဟုတ်ကြောင်း" ဆိုသည်။

အိမ်ဖြူတော် အဆင့်မြင့်အရာရှိတစ်ဦး၏အဆိုအရ ထရမ့်သည် ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရေးနှင့်ပတ်သက်၍ အတည်ပြုချက်မပေးသေးသော်လည်း ယင်းလုပ်ရပ်၏ ကြီးမားသော စွန့်စားရမှုများနှင့် ကြီးမားသော အကျိုးအမြတ်များကို ချိန်ဆနေကြောင်း သိရှိရသည်။ ထို့ပြင် ထရမ့်သည် "အီရန်ဘက်က ပဋိပက္ခ၏အရှိန်အဟုန်ကို ထိန်းချုပ်မည့် အခြေအနေမျိုးအား လက်ခံစောင့်ဆိုင်းနေမည်မဟုတ်" ကြောင်းလည်း အဆိုပါအရာရှိ က အလေးပေး ပြောကြားခဲ့သည်။

ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ထရမ့်သည် မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းရန် လက်ရှိတွင်ကြိုးပမ်းနေပြီး လာမည့် ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာဖွယ်ရှိကြောင်း သတင်းရင်းမြစ်များ က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း အမေရိကန်သမ္မတနှင့် အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန် အရပ်သား ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ယင်းသည် အရှေ့အလယ်ပိုင်း တစ်လွှား လက်တုံ့ပြန်တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေခဲ့ကာ ကမ္ဘာ့နေ့စဉ် ရေနံနှင့်သဘာဝဓာတ်ငွေ့ထောက်ပံ့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားကို အမှန်တကယ် ပိတ်ဆို့သွားစေခဲ့သည်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ၎င်းတို့အပေါ် ရန်လိုသည် ဟု ယူဆရသော နိုင်ငံများမှသင်္ဘောများကို ရေလက်ကြားအား ဖြတ်သန်း ခွင့်ပြုမည်မဟုတ်ကြောင်း သတိပေးထားသည်။ ထိုဖြစ်ရပ်များကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် ၅၀% နီးပါး မြင့်တက်သွားပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ ခန့်အထိ ရောက်ရှိသွားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂