အရှေ့အလယ်ပိုင်းသို့ ထောင်နှင့်ချီသော မရိန်းတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည်ဟု ယူဆရသော အမေရိကန်စစ်သင်္ဘော စင်ကာပူအနီး ရောက်ရှိ
အရှေ့အလယ်ပိုင်းဒေသသို့ မရိန်းတပ်ဖွဲ့ဝင်များနှင့် ထောင်နှင့်ချီသော ရေတပ်သားများကို တင်ဆောင်သွားသည်ဟုယူဆရသော အမေရိကန် ရေတပ် စစ်သင်္ဘောတစ်စင်းသည် အင်္ဂါနေ့ (မတ် ၁၇) တွင် ရေကြောင်းခြေရာခံအချက်အလက်များအရ စင်ကာပူကမ်းလွန်ရှိ မလက္ကာ ရေလက်ကြားသို့ ချဉ်းကပ်နေပြီဖြစ်ကြောင်း သိရှိရသည်။ CNN မှ ရရှိ ခဲ့သော AIS ရေကြောင်းခြေရာခံ အချက်အလက်များအရ ကမ်းတက်တိုက်ခိုက်ရေးသင်္ဘော USS Tripoli သည် အင်္ဂါနေ့ (မတ် ၁၇) နံနက်ပိုင်းတွင် တောင်တရုတ်ပင်လယ်၏ အနောက်တောင်ဘက်စွန်းရှိ စင်ကာပူနိုင်ငံသို့ ချဉ်းကပ်လျက်ရှိသည်။
အမေရိကန် ရေတပ်သင်္ဘောများသည် ပုံမှန်အားဖြင့် AIS အချက်ပြစနစ်ကိုပိတ်၍ သွားလာလေ့ရှိသော်လည်း စင်ကာပူဝန်းကျင်ကဲ့သို့ ရေကြောင်းသွားလာမှု ထူထပ်သောနေရာများကိုဖြတ်သန်းစဉ် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၎င်းတို့၏ တည်နေရာကို ထုတ်ဖော်ပြသလေ့ ရှိသည်။
သက်ဆိုင်ရာ တာဝန်ရှိသူသုံးဦး၏ ပြောကြားချက်အရ အဆိုပါ Tripoli သင်္ဘောသည် အိုကီနာဝါအခြေစိုက် အင်အား ၂,၂၀၀ ရှိသော အမှတ်-၃၁ မရိန်းအမြန်တုံ့ပြန်ရေးတပ်ဖွဲ့ (31st MEU) ကို တင်ဆောင်လာသည်ဟု ယူဆရပြီး ပင်တဂွန်စစ်ဌာနချုပ်က ၎င်းတို့ကိုတပ်ဖြန့်ရန် အမိန့်ပေး ထားခြင်းဖြစ်သည်။
CNN အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန်ရေတပ်၏ အမှတ်-၇ ရေတပ်စုနှင့် အမှတ်-၅ ရေတပ်စုတို့ထံ မှတ်ချက်ပေးရန် တောင်းဆိုထားသည်။ တာဝန်ရှိသူများက အဆိုပါတပ်ဖွဲ့ကို အရှေ့အလယ်ပိုင်း သို့ စေလွှတ်နေခြင်းဖြစ်ကြောင်း CNN ကို ပြောကြားခဲ့သော်လည်း မည်သည့်နေရာတွင် တပ်ဖြန့်မည် သို့မဟုတ် မည်သည့်အတွက်ကြောင့် အသုံးပြုမည်ကိုမူ အတိအကျ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
မရိန်းတပ်ဖွဲ့ (MEU) တစ်ခုတွင် ကွပ်ကဲမှု၊ ခြေလျင်တိုက်ခိုက်ရေး၊ ဝေဟင် တိုက်ခိုက်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဟူ၍ အစိတ်အပိုင်း လေးခု ပါဝင်သည်။ ၎င်းတို့ကို ပုံမှန်အားဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့် ကမ်းတက်တိုက်ခိုက်ခြင်းကဲ့သို့သော သင်္ဘောပေါ်မှ ကမ်းခြေသို့လှုပ်ရှားရသည့် စစ်ဆင်ရေးများတွင် အသုံးပြုလေ့ရှိသည်။ ထို့အပြင် မြေပြင်နှင့် ဝေဟင်တိုက်ခိုက်ရေး အစိတ်အပိုင်းများလည်းပါဝင်ပြီးအချို့သောတပ်ဖွဲ့များကို အထူးစစ်ဆင်ရေးများအတွက် လေ့ကျင့်ပေးထားသည်။
Marinetraffic.com ၏ အချက်အလက်များအရ အမေရိကန် စစ်သင်္ဘော တစ်စင်းသည် မတ်လ ၁၁ ရက်နေ့တွင် အိုကီနာဝါမှထွက်ခွာလာပြီး တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်ကာ အင်္ဂါနေ့ (မတ် ၁၇) နံနက် တွင် တစ်နာရီလျှင် ၂၂ မိုင်နှုန်းဖြင့် စင်ကာပူသို့ ချဉ်းကပ်လာနေကြောင်း ပြသနေသည်။
ဂျပန်နိုင်ငံ၊ စာဆဲဘိုတွင် အခြေစိုက်သော USS Tripoli သည် အလျား ၈၅၀ ပေနီးပါးရှိပြီး တန်ချိန် ၄၅,၀၀၀ အလေးချိန်ရှိသည်။ ၎င်းသည် အခြေခံအားဖြင့် လေယာဉ်တင်သင်္ဘောအသေးစားတစ်ခုဖြစ်ပြီး F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ၊ MV-22 Osprey သယ်ယူပို့ဆောင်ရေး လေယာဉ်များနှင့် တပ်ဖွဲ့ဝင်များကို ကမ်းပေါ်သို့ ပို့ဆောင်ပေးမည့် ကမ်းတက်ယာဉ်များကို တင်ဆောင်နိုင်သည်။
၎င်းသည် ကမ်းတက်တိုက်ပွဲဝင်အုပ်စုတစ်စု၏ အဓိကသင်္ဘောဖြစ်ပြီး ပုံမှန်အားဖြင့် USS New Orleans နှင့် USS San Diego ကဲ့သို့သော ကမ်းတက်သယ်ယူပို့ဆောင်ရေးသင်္ဘောများလည်း ပါဝင်လေ့ရှိသည်။ သို့သော် အင်္ဂါနေ့ ရေကြောင်းခြေရာခံဆိုဒ်များတွင် အဆိုပါ သင်္ဘောငယ် များ Tripoli နှင့်အတူ ပါရှိခြင်း ရှိ၊ မရှိကိုမူ CNN အနေဖြင့် အတည်မပြုနိုင်သေးပေ။
ကိုးကား- CNN
Photo: Reddit
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
