အစ္စရေးက အီရန်နိုင်ငံ၏ ထိပ်တန်းလုံခြုံရေးအရာရှိ အလီ လာရီဂျာနီကို ပစ်မှတ်ထားတိုက်ခိုက်
အစ္စရေးသည် တနင်္လာနေ့ (မတ် ၁၆) ညက တီဟီရန်မြို့၌ပြုလုပ်ခဲ့သော တိုက်ခိုက်မှုအတွင်း အီရန် အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ အလီ လာရီဂျာနီ (Ali Larijani) ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းယင်းဖြစ်စဉ်နှင့်နီးစပ်သည့် အစ္စရေး သတင်းရင်းမြစ်တစ်ခုအရ သိရှိရသည်။
အစ္စရေးစစ်တပ်အနေဖြင့် လာရီဂျာနီ သေဆုံးခြင်း ရှိ၊ မရှိ အတည်ပြုနိုင်ရန် တိုက်ခိုက်မှုအပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေ (Battle Damage Assessment) ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။ အင်္ဂါနေ့ (မတ် ၁၇) နံနက်ပိုင်းတွင် အစ္စရေး စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီရယ်လ် ဇာမာ (Eyal Zamir) က "မနေ့ညက အီရန်နိုင်ငံမှာ ထူးခြားသည့် အောင်မြင်မှုတွေ ရရှိခဲ့တယ်" ဟု ပြောကြားခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် တနင်္လာနေ့ (မတ် ၁၆) ညနေပိုင်းက တီဟီရန်၊ ရှီရပ်ဇ် (Shiraz) နှင့် တာဘရစ်ဇ် (Tabriz) မြို့များကို လေကြောင်းမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။ IDF ၏ ထုတ်ပြန်ချက်တွင်မူ လာရီဂျာနီကို ပစ်မှတ်ထားခြင်းအား ဖော်ပြထားခြင်းမရှိဘဲ ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများနှင့် ကွပ်ကဲမှုဗဟိုဌာနများကိုသာ ပစ်မှတ်ထားခဲ့ကြောင်း ဖော်ပြခဲ့သည်။
"စစ်ရေးစွမ်းဆောင်ရည်နှင့် စက်မှုကုန်ထုတ်လုပ်မှုပိုင်းကို ဆက်တိုက် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေသလိုပဲ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guards) နှင့် အစိုးရရဲ့ ဖိနှိပ်ရေးယန္တရားမှာ ပါဝင်သူတွေကိုလည်း ကျွန်တော်တို့ အရေးယူဆောင်ရွက်နေပါတယ်" ဟု ဇာမာက အခြေအနေသုံးသပ်ချက် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။
ထို့အပြင် လွန်ခဲ့သော ရက်အနည်းငယ်ကလည်း ဂါဇာကမ်းမြောင်ဒေသရှိ အီရန်ကျောထောက်နောက်ခံပြု ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ် (PIJ) အဖွဲ့မှ အဆင့်မြင့်ခေါင်းဆောင်များကိုလည်း သီးခြားတိုက်ခိုက်မှုတစ်ခုဖြင့် ပစ်မှတ်ထားခဲ့ကြောင်း အဆိုပါ အစ္စရေး သတင်းရင်းမြစ်က CNN သို့ ပြောကြားခဲ့သည်။
ကိုးကား- CNN
photo: Reuters
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
