ခေါင်းဆောင်နှစ်ဦးသေဆုံးမှုအတွက် လက်တုံ့ပြန်မည်ဟု ကြုံးဝါးကာ အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် ထပ်မံတိုက်ခိုက်

News Image

  • ခေါင်းဆောင်နှစ်ဦးသေဆုံးမှုအတွက် လက်တုံ့ပြန်မည်ဟု ကြုံးဝါးကာ အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် ထပ်မံတိုက်ခိုက်

မတ်လ ၁၇ ရက်နေ့က ၎င်းတို့၏ ထိပ်သီးခေါင်းဆောင်နှစ်ဦး သတ်ဖြတ်ခံရမှုအတွက် လက်တုံ့ပြန်မည်ဟုကြုံးဝါးကာ အီရန်နိုင်ငံသည် မတ်လ ၁၈ ရက်နေ့တွင် အစ္စရေးနိုင်ငံအပေါ် ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အရုဏ်မတက်မီ အချိန်များတွင် တဲလ်အဗစ် (Tel Aviv) နှင့် ဂျေရုဆလင် (Jerusalem) မြို့များရှိ CNN သတင်းအဖွဲ့များသည် ကောင်းကင်ယံ၌ ပေါက်ကွဲမှုအလင်းတန်းများကို မြင်တွေ့ခဲ့ရပြီး တဲလ်အဗစ်မြို့ အပေါ်တွင် Cluster Munition ပါဝင်သည့် ဒုံးကျည်ဟုယူဆရသော အရာတစ်ခုကိုလည်း တွေ့ရှိခဲ့ရသည်။

တဲလ်အဗစ်မြို့ရှိ နေရာအနှံ့အပြားတွင် ပေါက်ကွဲထွက်လာသော အစအနများ ကျရောက်ထိမှန်ခဲ့သဖြင့် ဗုံးရှင်းလင်းရေးအဖွဲ့များနှင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များကို အခင်းဖြစ်ပွားရာသို့ စေလွှတ်ခဲ့ရသည်။အရေးပေါ်ကယ်ဆယ်ရေးဌာနမှရရှိခဲ့သော ဗီဒီယိုမှတ်တမ်းများအရလူနေရပ်ကွက်လမ်းမတစ်ခုပေါ်တွင် အပျက်အစီးများ ပြန့်ကျဲနေပြီး မော်တော်ယာဉ်တစ်စီး မီးလောင်နေသည်ကို တွေ့ရှိရသည်။

"အချက်ပေးသံကြားတာနဲ့ ကျွန်မတို့ ခိုလှုံရာအခန်းထဲကို ဝင်ခဲ့ကြတယ်၊ အဲဒီမှာ အရမ်းပြင်းထန်တဲ့ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတယ်" ဟု ဟိုလွန် (Holon) မြို့တွင် နေထိုင်သူ ပါတီးလ် လီယာ (Palteal Leah) က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ "အပြင်ထွက်ခွင့်ရလို့ လသာဆောင်ကို သွားကြည့်တဲ့အခါ မီးခိုးနံ့တွေရနေပြီး အရာအားလုံးပေါက်ကွဲပျက်စီးနေတာကို မြင်လိုက်ရတယ်" ဟု သူမက ဆိုသည်။

မတ်လ ၁၈ ရက်နေ့ နံနက်အစောပိုင်းတွင် အစ္စရေးအလယ်ပိုင်း၌ ဒုံးကျည်အစအနများ ထိမှန်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး တဲလ်အဗစ်မြို့ မြောက်ဘက်ရှိ ဘီနီဘရက်ခ် (Beni Brak) မြို့တွင်လည်း လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနများက ပြောကြားခဲ့သည်။ သေဆုံးသူနှစ်ဦးမှာ Safe Room နှင့် မီတာအနည်းငယ်အကွာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တဲလ်အဗစ်ခရိုင် ရဲတပ်ဖွဲ့မှူး ဟိုင်မ် ဆာဂါရော့ဖ် (Haim Sargerof) က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြ ထားသည်။

အီရန်စစ်တပ်ကမူ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် အစ္စရေးအပေါ် ပြင်းထန်သောတိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး စစ်ဘက် ခေါင်းဆောင်တစ်ဦးကလည်း ၎င်းမှာ လျင်မြန်သောထိုးစစ် (Rapid Strike) ဖြစ်ကြောင်း ကြေညာခဲ့သည်။

အီရန်၏ Tasnim သတင်းဌာနက တဲလ်အဗစ်မြို့သို့ ပစ်ခတ်ခဲ့သောဒုံးကျည်များဟု ဆိုသည့် ဗီဒီယိုမှတ်တမ်းကို ဖော်ပြခဲ့ပြီး ယင်းတွင် Khorramshahr-4 ဒုံးကျည်များလည်း ပါဝင်သည်။ အဆိုပါ ဒုံးကျည်များသည် ဗုံးသီးငယ် (၈၀) အထိ တပ်ဆင်ပစ်ခတ်နိုင်ကြောင်း ကျွမ်းကျင် သူများက ဆိုသည်။ မတ်လ ၁၇ ရက်နေ့က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သော အမျိုးသားလုံခြုံရေးအရာရှိချုပ် အလီ လာရီဂျာနီ (Ali Larijani) အတွက် "လက်တုံ့ပြန်ခြင်း" အဖြစ် ယခု ဒုံးကျည်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်ဟု Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။

ကိုးကား- CNN

Photo: Al Jazeera

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂