အီရန်ကို အပြီးချေမှုန်းရန် ပင်လယ်ကွေ့နိုင်ငံများက အမေရိကန်ကို တိုက်တွန်း

News Image

  • အီရန်ကို အပြီးချေမှုန်းရန် ပင်လယ်ကွေ့နိုင်ငံများက အမေရိကန်ကို တိုက်တွန်း

ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အကျပ်အတည်း ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အီရန်၏ ခြိမ်းခြောက်နိုင်စွမ်းကို အပြီးတိုင် ချေမှုန်းပေးရန် ပင်လယ်ကွေ့နိုင်ငံများက အမေရိကန်ကို အလေး အနက် တောင်းဆိုလာကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ပင်လယ်ကွေ့ အာရပ်နိုင်ငံများသည် ယခင်က အီရန်နှင့် စစ်ဖြစ်ရန် အမေရိကန်ကို တိုက်ရိုက်တောင်းဆို ခဲ့ခြင်းမရှိပေ။

သို့သော်လည်း ပင်လယ်ကွေ့၏ အဓိက ရေနံတင်ပို့သည့် လမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေ လက်ကြားနှင့် ထိုရေလက်ကြားအပေါ် မှီခိုနေရသည့် ၎င်းတို့၏ စီးပွားရေးအား အီရန်က ဆက်လက် ခြိမ်းခြောက်နိုင်စွမ်း ရှိနေမည့် အခြေအနေမျိုးတွင် စစ်ပွဲကို ရပ်တန့်မပစ်ရန် အမေရိကန်ကို တိုက်တွန်း နေကြကြောင်း ပင်လယ်ကွေ့ သတင်းရင်းမြစ် ၃ ခုက ရိုက်တာကို ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရကလည်း အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း ပင်လယ်ကွေ့ နိုင်ငံများ ပါဝင်လာရန် ဖိအားပေးနေကြောင်း အဆိုပါ သတင်းရင်းမြစ်များ၊ အနောက်နိုင်ငံသံတမန်များနှင့် အာရပ်သံတမန် ၅ ဦးက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယခုစစ်ဆင်ရေးအတွက် ဒေသတွင်း ထောက်ခံမှုရှိကြောင်း ပြသရန် ဆန္ဒရှိနေပြီး နိုင်ငံတကာ၏ တရားဝင်မှုနှင့် ပြည်တွင်းထောက်ခံမှုများကို ရယူရန် ကြိုးပမ်းနေသည်ဟု သံတမန် ၃ ဦးက ပြောကြားခဲ့သည်။

“အီရန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ နောက်ဆုံး သတ်မှတ်ထားတဲ့ စည်းတွေ၊ ဘောင်တွေ မှန်သမျှကို ချိုးဖောက် ခဲ့ပြီဆိုတဲ့ ခံစားချက်မျိုးကို ပင်လယ်ကွေ့နိုင်ငံတွေက ခံစားနေရပါတယ်” ဟု ဆော်ဒီ အခြေစိုက် ပင်လယ်ကွေ့သုတေသနစင်တာ၏ ဥက္ကဋ္ဌ အဗ္ဗဒူလာဇစ် ဆာဂါ (Abdulaziz Sager) က ပြောကြားခဲ့သည်။

“အစတုန်းကတော့ ကျွန်တော်တို့ (ပင်လယ်ကွေ့နိုင်ငံများ)ဟာ သူတို့ (အီရန်) ဘက်က ကာကွယ်ပေးခဲ့ ပြီး စစ်ပွဲကိုလည်း ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က ကျနော်တို့ကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ အခါမှာတော့ သူတို့ဟာ ရန်သူ ဖြစ်သွားပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

အီရန်အစိုးရသည် ပင်လယ်ကွေ့ ၆ နိုင်ငံဖြစ်သည့် ဆော်ဒီ၊ ယူအေအီး၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်းနှင့် အိုမန်နိုင်ငံ များအတွင်းရှိ လေဆိပ်များ၊ ဆိပ်ကမ်းများ၊ ရေနံ အခြေခံ အဆောက်အအုံများနှင့် စီးပွားရေး အချက်အချာ နေရာများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကာ ဟော်မုဇ် ရေလက်ကြား ကိုလည်း ပိတ်ထားခဲ့သည်။

ထိုရေလက်ကြားသည် ကမ္ဘာ့ရေနံ တင်ပို့မှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသည့် အဓိက လမ်းကြောင်း ဖြစ်ပြီး ပင်လယ်ကွေ့နိုင်ငံများ၏ စီးပွားရေးအတွက် အသက်သွေးကြောတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် အမေရိကန်အနေဖြင့် အီရန်၏ စစ်ရေးစွမ်းဆောင်ရည်ကို အလုံးစုံ ကျဆင်းသွားစေရန် သို့မဟုတ် ပြန်လည် နာလန်မထူနိုင်အောင် အပြတ်အသတ် နှိမ်နင်းပေးရန် ပင်လယ်ကွေ့နိုင်ငံများမှ ခေါင်းဆောင်များက ဆန္ဒရှိနေကြသည်ဟုလည်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ကိုးကား -  CNI International News