ကမ္ဘောဒီးယားအစိုးရက ကျားဖြန့်နှိမ်နင်းရေးဥပဒေကြမ်းကို အတည်ပြု

News Image

  • ကမ္ဘောဒီးယားအစိုးရက ကျားဖြန့်နှိမ်နင်းရေးဥပဒေကြမ်းကို အတည်ပြု

ကမ္ဘောဒီးယားအစိုးရသည် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို မတ်လ ၁၃ ရက်က အတည်ပြုခဲ့ကြောင်း ဆင်ဟွာမှ ဖော်ပြခဲ့သည်။

ထိုဥပဒေသည် ကျားဖြန့်ဂိုဏ်းများကို နောက်ကွယ်မှ ကြိုးကိုင်နေသူများအား ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ရည်ရွယ်ထားကြောင်း ပြန်ကြားရေးဝန်ကြီး နက် ဖီအက်ထရာ (Neth Pheaktra) က ပြောကြားခဲ့သည်။

“ဒီဥပဒေဟာ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ငွေကြေးခဝါချမှုတွေကို တိုက်ဖျက်ဖို့နဲ့ ကမ္ဘောဒီးယား နိုင်ငံဟာ ဒုစရိုက်သမားတွေအတွက် ဘေးကင်းလုံခြုံတဲ့ ခိုလှုံစရာနေရာ မဟုတ်ဘူးဆိုတာကို သက်သေ ပြဖို့အတွက် ဖြစ်ပါတယ်” ဟု ဖီအက်ထရာက ပြောကြားခဲ့သည်။

ထိုဥပဒေကြမ်းသည် ကမ္ဘောဒီးယား ပိုင်နက်အတွင်းရှိ အွန်လိုင်းလိမ်လည်မှုများကို တားဆီးရန်နှင့် အမြစ်ပြတ်ချေမှုန်းရန် အထောက်အကူ ပြုလိမ့်မည်ဟု ၎င်းက ဆိုသည်။

ထိုဥပဒေကြမ်းအရ ကျားဖြန့်ဂိုဏ်းများ၏ ခေါင်းဆောင်များသည် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခံရမည့်အပြင် ရီရယ်ငွေ ၁ ဘီလျံ (ဒေါ်လာ ၂၅၀,၀၀၀) အထိ ဒဏ်ငွေ ချမှတ်ခံရမည်ဖြစ်သည်။

ထို့ပြင် ၎င်းတို့၏ ကျားဖြန့်လုပ်ငန်းများအတွင်း အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မချုပ်နှောင်မှု၊ လူကုန်ကူးမှု သို့မဟုတ် အတင်းအဓမ္မ စေခိုင်းမှုများ ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရပါက ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်ခံရမည့်အပြင် ရီရယ်ငွေ ၂ ဘီလျံ (ဒေါ်လာ ၅၀၀,၀၀၀ ခန့်) အထိ ဒဏ်ငွေတိုးမြှင့် ချမှတ်ခံရမည်ဖြစ်သည်။

ကျားဖြန့်ဂိုဏ်းချုပ်များ အနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကြောင့် လူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါက ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၃၀ အထိ ဖြစ်စေ သို့မဟုတ် တစ်သက် တစ်ကျွန်းဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ကျားဖြန့်လုပ်ငန်းများတွင် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်နေပြီး အွန်လိုင်းမှ လိမ်လည်သူ များသည် ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်အထိ ချမှတ်ခံရမည့်အပြင် ရီရယ်ငွေ သန်း ၅၀၀ (ဒေါ်လာ ၁၂၅,၀၀၀ ခန့်) အထိ ဒဏ်ငွေ ချမှတ်ခံရမည်ဟုလည်း ဖော်ပြထားသည်။

ထိုဥပဒေမူကြမ်းကို အစိုးရအဖွဲ့က အတည်ပြုခဲ့သော်လည်း အောက်လွှတ်တော်နှင့် အထက်လွှတ်တော်က အတည်ပြုရန်လိုအပ်ပြီး နောက်ဆုံးအဆင့်တွင် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟမုနီ (Norodom Sihamoni) ကို တင်ပြရမည်ဖြစ်သည်။

ကိုးကား - CNI International News