အီရန်စစ်ပွဲ၏ ကုန်ကျစရိတ်ကို အမေရိကန်အစိုးရ လျှော့တွက်ထားကြောင်း The Intercept သတိပေး
အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် အမေရိကန်အခွန်ထမ်းပြည်သူများကျခံရမည့် ဘဏ္ဍာရေးကုန်ကျစရိတ် ကို အစိုးရတာဝန်ရှိသူများက အမှန်တကယ်ထက် လျှော့ပေါ့ဖော်ပြနေကြပြီး ရေရှည်တွင် အဆိုပါစရိတ်မှာ ဒေါ်လာထရီလီယံ ပေါင်းများစွာ အထိ မြင့်တက်လာနိုင်ကြောင်း The Intercept သတင်းဌာနက သတိပေးလိုက်သည်။
၂၀၂၆ ဘဏ္ဍာနှစ်အတွက် အမေရိကန်၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်သည် ဒေါ်လာ ၈၃၀ ဘီလီယံအထိ စံချိန်တင်မြင့်တက်နေသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်ကမူ လက်ရှိလက်နက်ခဲယမ်း သိုလှောင်မှုများဖြင့် အီရန်အစိုးရအပြောင်းအလဲအတွက် "ထာဝရ" တိုက်ခိုက်သွားနိုင်ကြောင်း ကြွေးကြော်ထားသည်။ သို့သော် ကျွမ်းကျင်သူများကမူ လက်နက်ခဲယမ်းပြတ်လပ်မှုမှာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်သည်ဟု ရှုမြင်ကြသည်။
အစိုးရအဖွဲ့၏ စီးပွားရေးအကြံပေး Kevin Hassett က Operation Epic Fury စစ်ဆင်ရေးအတွက် ဒေါ်လာ ၁၂ ဘီလီယံသာ ကုန်ကျမည်ဟု ခန့်မှန်း ထားသော်လည်း အဆိုပါကိန်းဂဏန်းတွင် စစ်ပွဲမတိုင်မီကတည်းက အရှေ့အလယ်ပိုင်းတွင် အင်အားဖြည့်တင်းခဲ့သည့် ကုန်ကျစရိတ်များ ပါဝင်ခြင်းမရှိပေ။
အမည်မဖော်လိုသူ အစိုးရသတင်းရင်းမြစ်များ၏ အဆိုအရ သုံးပတ်ကြာစစ်ပွဲသည် ဒေါ်လာ ၆၀ ဘီလီယံမှ ၁၃၀ ဘီလီယံအထိ ရှိနိုင်ပြီး စစ်ပွဲ ရှစ်ပတ်အထိ ကြာမြင့်ပါက ဒေါ်လာ ၂၅၀ ဘီလီယံအထိ မြင့်တက်သွားနိုင်ကြောင်း သိရှိရသည်။ ထို့အပြင် ၂၀၂၇ ဘဏ္ဍာနှစ်အတွက် စစ်ဘက် အသုံးစရိတ်တောင်းခံမှုတွင်လည်း အနည်းဆုံး ဒေါ်လာ ၅၀ ဘီလီယံ ထပ်မံတိုးမြှင့်ရန် လွှတ်တော်အမတ်များက မျှော်လင့်ထားကြသည်။
အစီရင်ခံစာတွင် အီရတ်စစ်ပွဲ (Iraq War) ကို နမူနာပြထားပြီး စစ်ပြန်များအတွက် ခံစားခွင့်များနှင့် ကြွေးမြီအတိုးနှုန်းများကြောင့် ရေရှည် ကုန်ကျစရိတ်မှာ ဒေါ်လာထရီလီယံချီ၍ ကုန်ကျနိုင်ကြောင်း အလေးပေး ဖော်ပြထားသည်။ ယခင် ဘုရှ်အစိုးရလက်ထက်ကလည်း အီရတ်စစ်ပွဲ စရိတ်ကို ၄၀ ဘီလီယံသာ ခန့်မှန်းခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ၈ ထရီလီယံ အထိ ဖြစ်လာခဲ့ဖူးသည်။ လက်ရှိတွင် အမေရိကန်၏ နိုင်ငံတော် ကြွေးမြီမှာ ၃၉ ထရီလီယံသို့ ချဉ်းကပ်နေပြီး ၎င်းမှာ အသုံးစရိတ်ဖြတ်တောက်ကာ ကြွေးမြီလျှော့ချမည်ဟု ကတိပြုခဲ့သော သမ္မတ ထရမ့်အတွက် ဝေဖန်စရာ ဖြစ်လာသည်။
ယခုသီတင်းပတ်အတွင်း အမေရိကန် အမျိုးသားအကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန (NCTC) ၏ အကြီးအကဲ Joe Kent သည်လည်း အဆိုပါစစ်ပွဲကို ကန့်ကွက်သည့်အနေဖြင့် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ၎င်းက အီရန် သည် အမေရိကန်အတွက် တိုက်ရိုက်ခြိမ်းခြောက်မှုမဟုတ်ကြောင်းနှင့် ယခုစစ်ပွဲမှာ အစ္စရေးနှင့် ၎င်း၏ လော်ဘီအဖွဲ့များ၏ ဖိအားပေးမှုကြောင့်သာ ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
