ဒေသတွင်း တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေစဉ် ကမ္ဘာ့အကြီးဆုံး LNG စက်ရုံအား အီရန် ထပ်မံတိုက်ခိုက်

News Image

  • ဒေသတွင်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ် ကမ္ဘာ့အကြီးဆုံး LNG စက်ရုံအား အီရန် ထပ်မံတိုက်ခိုက်

ကြာသပတေးနေ့ (မတ် ၁၉) နံနက်ပိုင်းတွင် အီရန်နိုင်ငံသည် ကာတာ နိုင်ငံရှိ အဓိက သဘာဝဓာတ်ငွေ့အချက်အချာစခန်းတစ်ခုကို အသစ် ထပ်မံတိုက်ခိုက်ခဲ့သဖြင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့သည်။ တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းတစ်လွှားရှိ နိုင်ငံများ၌လည်း ဒုံးကျည်နှင့်ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ခိုက်မှုများသည် အီရန်က ပါရှန်ပင်လယ်ကွေ့နိုင်ငံများရှိ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယင်းကြောင့် မြင့်တက်နေပြီးဖြစ်သော ကမ္ဘာ့ရေနံဈေးနှုန်းများကို ပိုမိုထိုးတက်သွားစေခဲ့သည်။

ကာတာနိုင်ငံ၏ အဓိက စွမ်းအင်ဗဟိုချက်ဖြစ်သော Ras Laffan စက်မှုမြို့တော်သည် ၁၂ နာရီအတွင်း အီရန်ဒုံးကျည်များဖြင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီးနောက် ပျက်စီးဆုံးရှုံးမှုများ အကြီးအကျယ် ကြုံတွေ့ခဲ့ရသည်။ ကမ္ဘာ့အကြီးဆုံး LNG စက်ရုံဖြစ်သည့် အဆိုပါနေရာရှိ မီးလောင်မှုများကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်နေကြရသည်။ ထိုနေရာကို Ballistic ဒုံးကျည်များဖြင့် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင်လည်း အဘူဒါဘီရှိ အဓိက စွမ်းအင်နယ်မြေများသို့ ကြားဖြတ်ဟန့်တားခဲ့သည့် ဒုံးကျည်အစအနများ ကျရောက်ခဲ့ခြင်းကြောင့် ဓာတ်ငွေ့လုပ်ငန်းလည်ပတ်မှုများကို ယာယီ ရပ်ဆိုင်းထားရကြောင်း အဘူဒါဘီမီဒီယာရုံးက ဆိုသည်။ ထို့ပြင် UAE အရှေ့ဘက်ကမ်းရိုးတန်းအလွန်တွင် သင်္ဘောတစ်စီးမှာလည်း တိုက်ခိုက်ခံခဲ့ရကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း UKMTO က ထုတ်ပြန်ခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံတွင်မူ နိုင်ငံအရှေ့ပိုင်းဒေသများသို့ ဦးတည်လာသည့် ဒရုန်း ၁၂ စီးထက်မနည်းကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အချို့ဒရုန်းများကို မြို့တော် ရီယာဒ်အနီးတွင် ဟန့်တားနိုင်ခဲ့ခြင်းဖြစ်သည်။

တစ်ပြိုင်နက်တည်းမှာပင် အစ္စရေးနိုင်ငံသည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းစစ်ဆင်ရေးအများအပြားဖြင့် တိုက်ခိုက်ခံခဲ့ရသကဲ့သို့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အီရန်၏ Fars သတင်းဌာနက ဖော်ပြခဲ့သည်။ အစ္စရေးစစ်တပ်က မြောက်ပိုင်းတွင် အီရန်မှပစ်လွှတ်သော ဒုံးကျည်များကိုတွေ့ရှိခဲ့ကြောင်း အတည်ပြုသကဲ့သို့ တဲလ်အဗစ်မြို့တွင်လည်း အီရန် ဒုံးကျည်ကျရောက်ရာနေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရှိရသည်။

ဘာရိန်းနိုင်ငံတွင်မူ အခြေအနေများကြောင့် သတိပေးဥဩသံများ နှစ်ကြိမ်တိုင်တိုင်ထွက်ပေါ်ခဲ့ပြီး ပြည်တွင်းရေးဝန်ကြီးဌာနက နိုင်ငံသား များအနေဖြင့် “အနီးဆုံး ဘေးကင်းရာနေရာသို့ သွားရောက်ကြရန်” တိုက်တွန်းနှိုးဆော်ထားသည်။

အီရန်နိုင်ငံ အတွင်း၌မူ တီဟီရန်မြို့ရှိ လူနေရပ်ကွက်တစ်ခု လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ကယ်ဆယ်ရေးလုပ်သားများ တုံ့ပြန်ဆောင်ရွက် နေသည့် ဗီဒီယိုကို အီရန်လခြမ်းနီအသင်းက ထုတ်ပြန်ခဲ့သည်။ အလားတူ ဗုဒ္ဓဟူးနေ့ (မတ် ၁၈) က South Pars သဘာဝဓာတ်ငွေ့သိုက်ရှိ အီရန်ပိုင် အဆောက်အအုံများ တိုက်ခိုက်ခံရမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာလည်း ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

ကိုးကား- CNN

Photo: Business Standard

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂