အီရန်စစ်ပွဲသည် ထရမ့်အစိုးရ၏ 'အကြီးမားဆုံး မှားယွင်းတွက်ချက်မှု' ဖြစ်သည်ဟု အိုမန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
The Economist မဂ္ဂဇင်းတွင် ဖော်ပြထားသော ရှုမြင်သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်တွင် စစ်ပွဲမဖြစ်ပွားမီ ဝါရှင်တန်နှင့် တီဟီရန်အကြား ကြားဝင်စေ့စပ်ပေးခဲ့သူ အိုမန် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်၏ မဟာမိတ်များအနေဖြင့် ၎င်းက "တရားမဝင်သော စစ်ပွဲ" ဟု ခေါ်ဆိုသည့် ပဋိပက္ခကို ရပ်တန့်နိုင်ရေး ကူညီပေးကြရန် တိုက်တွန်းခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး ဘာသာရ် အလ်ဘူဆိုက်ဒီ (Badr Albusaidi) က အဆိုပါ စစ်ပွဲသည် ထရမ့် အစိုးရ၏ "အကြီးမားဆုံးသော မှားယွင်းတွက်ချက်မှု" ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်းလုံခြုံရေးအပေါ် သက်ရောက်မှုများကို ဖော်ပြခဲ့သည်။
အိုမန်အပါအဝင် ပင်လယ်ကွေ့နိုင်ငံများသည် အီရန်၏ တိုက်ခိုက်မှုများကို ဟန့်တားရန် မျှော်လင့်ချက်ဖြင့် ဆယ်စုနှစ်များစွာကြာ အမေရိကန် လက်နက်များကိုဝယ်ယူခဲ့ပြီး အမေရိကန် စစ်စခန်းများကို လက်ခံထားရှိခဲ့ကြသည်။ ယခုအခါ အမေရိကန်သည် "၎င်း၏ ကိုယ်ပိုင် နိုင်ငံခြားရေး မူဝါဒအပေါ် ထိန်းချုပ်မှုလွတ်ထွက်သွားခြင်း" ကြောင့် ထိုနိုင်ငံများ ခံစားခဲ့ရသည့် ငြိမ်းချမ်းရေးနှင့်သာယာဝပြောမှုများမှာ ခြိမ်းခြောက်ခံနေရပြီဖြစ်ကြောင်း အလ်ဘူဆိုက်ဒီက ရေးသားခဲ့သည်။
၎င်းက “အမေရိကန်ရဲ့ မိတ်ဆွေတွေအတွက် မေးခွန်းက ရိုးရှင်းပါတယ် ၊ ဒီမလိုလားအပ်သည့် ရုန်းမထွက်နိုင်စရာပတ်သက်မှုတွေထဲကနေ အင်အားကြီးနိုင်ငံ (အမေရိကန်) ကို ဘယ်လိုမျိုး ကူညီဆွဲထုတ်ပေးမလဲဆိုတာပါပဲ” ဟု ရေးသားခဲ့သည်။
“ပထမဆုံးအနေနဲ့ အမေရိကန်ရဲ့ မိတ်ဆွေတွေမှာ အမှန်တရားကိုပြောဖို့ တာဝန်ရှိပါတယ်၊ အဲ့ဒီအချက်ကတော့ ဒီစစ်ပွဲမှာပါဝင်နေသည့် နှစ်ဖက်စလုံးဟာ ဘာအကျိုးအမြတ်မှရမှာမဟုတ်ဘူးဆိုသည့် အချက်ကနေ စတင်ရပါမယ်၊ အီရန်နဲ့အမေရိကန် နှစ်နိုင်ငံစလုံးရဲ့ အမျိုးသားအကျိုးစီးပွားဟာ တိုက်ခိုက်မှုတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ပေါ်မှာပဲ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ထိုစစ်ပွဲသည် အလွယ်တကူ အောင်နိုင်မည့်စစ်ပွဲဖြစ်သည်ဟု အစ္စရေးက အမေရိကန်ကို "ဆွဲဆောင်ဖြားယောင်း" ခဲ့ပုံရကြောင်း၊ သို့သော် အစ္စရေး၏ရည်မှန်းချက်များ အောင်မြင်ရန်အတွက်မူ အမေရိကန်သည် မြေပြင်စစ်သည်များ စေလွှတ်ရမည်ဖြစ်ပြီး သမ္မတထရမ့် အဆုံးသတ်မည် ဟု ကတိပြုခဲ့သည့် "ဘယ်တော့မှ မပြီးဆုံးနိုင်သော စစ်ပွဲ" (Forever War) မျိုးကိုသာ ဆင်နွှဲရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
