ကုန်ကျစရိတ်ကြီးမားမှု အကျပ်အတည်းများကြားတွင် အမေရိကန် နိုင်ငံသားများ AI နည်းပညာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေကြကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ
အမေရိကန်နိုင်ငံသားများသည် AI နည်းပညာကို ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပိုမိုရှုမြင်လာကြပြီး အစိုးရအနေဖြင့် နည်းပညာလုပ်ငန်းစုများ၏ အကျိုးအမြတ်ထက် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေးကိုသာ ဦးစားပေး ဆောင်ရွက်သင့်သည်ဟု ယုံကြည်နေကြကြောင်း Blue Rose Research မှ ထုတ်ပြန်သည့် စစ်တမ်းအချက်အလက်များက ဖော်ပြနေသည်။
ယခုလအစောပိုင်းက လူဦးရေ ၂,၇၁၆ ဦးကို မေးမြန်းကောက်ယူခဲ့သည့် အဆိုပါစစ်တမ်းအရ ဖြေဆိုသူ ၆၁ ရာခိုင်နှုန်းက ပြီးခဲ့သည့်နှစ်အတွင်း လူနေမှုစရိတ်များ ပိုမိုမြင့်မားလာသည်ဟု ဖြေကြားခဲ့ကြပြီး ၂၅ ရာခိုင်နှုန်းခန့်သာလျှင် ၎င်းတို့၏ ငွေရေးကြေးရေးအနာဂတ်အတွက် ယုံကြည်မှုရှိကြကြောင်း တွေ့ရှိရသည်။ ထို့ပြင် ဖြေဆိုသူ ၆၄ ရာခိုင်နှုန်းက အမေရိကန်၏ လက်ရှိအခြေအနေများသည် အထက်တန်းလွှာများအတွက်သာ အသာစီးရစေရန် စီမံထားခြင်းဖြစ်သည်ဟု ယူဆနေကြသည်။
AI နည်းပညာအပေါ် စိုးရိမ်ပူပန်မှုသည် ပြီးခဲ့သည့်နှစ်အတွင်း အခြားသော အရေးကိစ္စများထက် ပိုမိုမြန်ဆန်စွာ မြင့်တက်လာကြောင်း စစ်တမ်းက ထောက်ပြထားသည်။ ဖြေဆိုသူ ၅၇ ရာခိုင်နှုန်းက နည်းပညာဖွံ့ဖြိုးမှုနှုန်း မှာ "မြန်ဆန်လွန်းနေသည်" ဟု ဆိုကြပြီး ၇၉ ရာခိုင်နှုန်းကမူနည်းပညာကြောင့်ဖြစ်ပေါ်လာမည့် အလုပ်အကိုင်ဆုံးရှုံးမှုများမှ အလုပ်သမားများအား ကာကွယ်ပေးရန် အစိုးရတွင် ခိုင်လုံသော အစီအစဉ်မရှိခြင်း အပေါ် စိုးရိမ်လျက်ရှိကြသည်။
လူအများစုအတွက် အဆိုပါ စိုးရိမ်ပူပန်မှုများသည် တစ်ဦးချင်းအဆင့်မှသည် လူမှုအသိုက်အဝန်းတစ်ခုလုံးဆိုင်ရာ ဘေးအန္တရာယ်အဖြစ်သို့ ကူးပြောင်းလာနေသည်။ ဖြေဆိုသူ ၇၉ ရာခိုင်နှုန်းက AI ကြောင့်အလုပ်ခွင်သို့စတင်ဝင်ရောက်မည့် လူငယ်များအတွက် အခွင့်အလမ်းများ နည်းပါးသွားမည်ကို စိုးရိမ်နေကြပြီး ၇၇ ရာခိုင်နှုန်းကမူ အလုပ်အကိုင်နယ်ပယ်သစ်များ မပေါ်ထွန်းလာမီမှာပင် လက်ရှိလုပ်ငန်းကဏ္ဍတစ်ခုလုံး ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။
တစ်ဖက်တွင်လည်း ဖြေဆိုသူ ၅၈ ရာခိုင်နှုန်းက နည်းပညာကုမ္ပဏီများ၏ အကျိုးအမြတ်ကို ထိခိုက်စေကာမူ AI ကြောင့် အလုပ်အကိုင် ဆုံးရှုံးခဲ့ရသည့် အလုပ်သမားများကို ကူညီပေးရေးအား အစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက်ရန် တောင်းဆိုထားကြသည်။ အမေရိကန်ရှိ အလုပ်အကိုင် များ ဆုံးရှုံးသွားစေနိုင်မည့် နည်းပညာဆန်းသစ်တီထွင်မှုများကို ဦးစားပေးရန် ထောက်ခံသူမှာ ၂၀ ရာခိုင်နှုန်းသာရှိပြီး ဖြေဆိုသူ ထက်ဝက်ကျော်ကမူ AI ကြောင့် ပျောက်ကွယ်သွားသည့် အလုပ်အကိုင်များအတွက် နည်းပညာကုမ္ပဏီများတွင် ငွေကြေးအရ တာဝန်ရှိသင့်သည်ဟု ဆိုကြသည်။
အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့်နှစ်အတွင်း အလုပ်အကိုင်ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်မှု ပေါင်းမှာ ၁.၂ သန်းနီးပါးအထိရှိခဲ့ပြီး ယင်းမှာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်သည်။ Amazon ၊ Walmart ၊ Microsoft ၊ Alphabet ၊ Intel နှင့် UPS ကဲ့သို့သော ကုမ္ပဏီကြီးများအပါအဝင် အလုပ်ထုတ်ပယ်မှုဖြစ်စဉ်ပေါင်း ထောင်နှင့်ချီတွင် AI နှင့် စက်မှုအလိုအလျောက်စနစ် (Automation) တို့မှာ တိုက်ရိုက် အကြောင်းရင်းများဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်က အမေရိကန်အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ် က ရှေ့လာမည့် ဆယ်စုနှစ်အတွင်း ဉာဏ်ရည်တုနည်းပညာကြောင့် အမေရိကန်ရှိ ရုံးလုပ်ငန်းနှင့် ကာယလုပ်ငန်းနှစ်ရပ်လုံးမှ အလုပ်အကိုင်ပေါင်း သန်း ၁၀၀ နီးပါး ပျောက်ကွယ်သွားနိုင်ကြောင်း ခန့်မှန်း ပြောကြားခဲ့သည်။ အကြီးတန်းအမှုဆောင်အရာရှိများသည် အလုပ်သမားများကို အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခြင်းနှင့် အခြားသော အသုံးစရိတ် လျှော့ချမှုများကို လုပ်ဆောင်နေစဉ် တစ်ပြိုင်နက်တည်းမှာပင် စက်မှုအလိုအလျောက်စနစ်များတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြကြောင်း ဆန်းဒါးစ်က ထောက်ပြခဲ့ပြီး အဆိုပါနည်းပညာကို ကော်ပိုရိတ်အကျိုးအမြတ်မြှင့်တင်ရန်နှင့် ဓနဥစ္စာများ စုပုံလာစေရန်အတွက်သာ အဓိကအသုံးချနေခြင်းဖြစ်ကြောင်း ၎င်းက ဝေဖန်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
