အီရန်တွင် အဆိုးရွားဆုံး နျူကလီးယားအခြေအနေ ဖြစ်ပေါ်လာနိုင်ကြောင်း WHO သတိပေး
အီရန်နိုင်ငံတွင် ဖြစ်ပွားလာနိုင်သည့် နျူကလီးယား မတော်တဆမှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက Politico သတင်းဌာနသို့ ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က ၎င်းတို့၏ တိုက်ခိုက်မှုများသည် အစ္စလာမ္မစ် သမ္မတနိုင်ငံ၏ ယူရေနီယံသန့်စင်ရေးအစီအစဉ်ကို ဖျက်ဆီးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အခိုင်အမာဆိုကြသော်လည်း တီဟီရန်အစိုးရကမူ ၎င်းတို့၏ အစီအစဉ်သည် ငြိမ်းချမ်းသောရည်ရွယ်ချက်သာဖြစ်ကြောင်း တုံ့ပြန် ထားသည်။
WHO ၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hanan Balkhy ၏ ပြောကြားချက်ကို ကိုးကား၍ Politico က ဖော်ပြရာတွင် အဆိုးရွားဆုံး အခြေအနေသည် အီရန်ရှိ နျူကလီးယား အဆောက်အအုံတစ်ခု တိုက်ခိုက်ခံရခြင်း သို့မဟုတ် ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းတစ်ခုခုမှ နျူကလီးယားလက်နက် အသုံးပြုခြင်းတို့ ပါဝင်နိုင်ကြောင်း သတိပေးထားသည်။ မည်မျှပင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားစေကာမူ ယင်း၏ နောက်ဆက်တွဲဆိုးကျိုးများသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်နိုင်သဖြင့် ဒေသတွင်းကို ထိခိုက်မှုများမှ အကာအကွယ်ပေးနိုင်လိမ့်မည်မဟုတ်ကြောင်း သူမက သတိပေးပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
