လက်ဘနွန် နယ်စပ်အနီးတွင် မှားယွင်းပစ်ခတ်မှုကြောင့် အစ္စရေး အရပ်သားတစ်ဦး သေဆုံးခဲ့ရကြောင်း အစ္စရေး စစ်တပ် ထုတ်ပြန်
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၂၂) က လက်ဘနွန် နယ်စပ်တစ်လျှောက်တွင် အစ္စရေးစစ်တပ်၏ မှားယွင်းပစ်ခတ်မှု (Friendly fire) ကြောင့် အစ္စရေးအရပ်သားတစ်ဦး သေဆုံးခဲ့ရကြောင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီးနောက် စစ်တပ်က ထုတ်ပြန်ခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ ထုတ်ပြန်ချက်အရ လက်ဘနွန် ဘက်သို့ ပစ်ခတ်ရမည့်အစား Misgav Am အခြေချနေထိုင်ရာဒေသ (Kibbutz) သို့ အမြောက်ကျည် ၅ လုံး ကျရောက်ခဲ့ကြောင်း သိရှိရသည်။ "အမြောက်တပ်ရဲ့ပစ်ခတ်မှုဟာ မှားယွင်းသည့်ကိန်းဂဏန်းတွေနဲ့ ပစ်ခတ် ခဲ့တာဖြစ်ပြီး သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး" ဟု IDF က ဆိုသည်။
အဆိုပါ အမြောက်ကျည်များအနက် အနည်းဆုံးတစ်လုံးမှာ Misgav Am ရှိ လမ်းဘေးတွင် ရပ်ထားသောကားနှစ်စီးကို ထိမှန်ခဲ့ပြီး ကားတစ်စီး အတွင်းရှိနေသည့် ဒေသခံတစ်ဦးဖြစ်သူ Ofer Moskovitz မှာ သေဆုံးသွားခဲ့သည်။
အစောပိုင်းတွင် အစ္စရေး စစ်တပ်က လက်ဘနွန်ဘက်မှ ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း နာရီအနည်းငယ်အကြာတွင်မူ မိမိ တို့ဘက်မှ မှားယွင်းပစ်ခတ်မိသည့် ဖြစ်နိုင်ခြေကို စုံစမ်းစစ်ဆေးနေကြောင်း ပြောင်းလဲကြေညာခဲ့သည်။
ကိုးကား- CNN
Photo: Reuters
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
