အရှေ့အလယ်ပိုင်းစစ်ပွဲ ရေရှည်ဖြစ်ပွားနိုင်ခြေအတွက် ကြိုတင် ပြင်ဆင်ထားရန် ဗြိတိန်ဝန်ကြီးချုပ် သတိပေး
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲသည် ရက်ပိုင်း သို့မဟုတ် သီတင်းပတ်ပိုင်းအတွင်း ပြီးဆုံးသွားမည်မဟုတ်ဘဲ အချိန်အတန်ကြာ ဆက်လက်ဖြစ်ပွားနေနိုင်သည့် အခြေအနေအတွက် ယူကေအနေဖြင့် စီမံချက်များ ချမှတ်ထားရမည် ဖြစ်ကြောင်း တနင်္လာနေ့ (မတ် ၂၃) တွင် ပြောကြားခဲ့သည်။ လွှတ်တော်ကော်မတီ၏ မေးမြန်းမှုကိုဖြေကြားရာတွင် ဝန်ကြီးချုပ်က ယခုပဋိပက္ခ သည် လပေါင်းများစွာ ကြာမြင့်သွားနိုင်သည့်အလားအလာအပေါ် အခြေခံ၍ ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။
စတာမာက စစ်ပွဲအရှိန်ကို အမြန်ဆုံးလျှော့ချနိုင်ရေးအတွက် ဗြိတိန် အစိုးရအနေဖြင့် အစွမ်းကုန် အာရုံစိုက်လုပ်ဆောင်နေသော်လည်း ပဋိပက္ခ သည် အချိန်တိုအတွင်း အဆုံးသတ်သွားလိမ့်မည်ဟူသော "မှားယွင်းသည့် စိတ်သက်သာရာရမှု" မျိုး မယူကြရန် ၎င်း၏အဖွဲ့ကို သတိပေးထားကြောင်း ဆိုသည်။
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်နှင့် တီဟီရန်တို့အကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ပြောကြားချက်အပေါ် ဗြိတိန်ဝန်ကြီးချုပ်က ကြိုဆိုခဲ့သော်လည်း အီရန် အစိုးရဘက်ကမူ ယင်းဆွေးနွေးမှုများ ရှိခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထား သည့်အတွက် အဆိုပါအခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
