ဂျာမနီ၏ သီးခြားစစ်ဘက်ဂြိုဟ်တုကွန်ရက် စီမံကိန်းကြောင့် EU စိုးရိမ်မကင်းဖြစ်နေ

News Image

  • ဂျာမနီ၏ သီးခြားစစ်ဘက်ဂြိုဟ်တုကွန်ရက် စီမံကိန်းကြောင့် EU စိုးရိမ် မကင်းဖြစ်နေ

EU ၏ ဂြိုဟ်တုကွန်ရက်စီမံကိန်းနှင့် မသက်ဆိုင်ဘဲ ဂျာမနီနိုင်ငံက သီးခြားစစ်ဘက်ဆိုင်ရာ ဂြိုဟ်တုကွန်ရက်တစ်ခုတည်ဆောက်ရန်တွန်းအားပေးနေမှုအပေါ် ဘရပ်ဆဲလ်ရှိ အမတ်အချို့က စိုးရိမ်မကင်းဖြစ်နေကြပြီး ယခုခြေလှမ်းသည် ဥရောပသမဂ္ဂအဖွဲ့ကြီးကို အားနည်း သွားစေနိုင်ကြောင်း သတိပေးလိုက်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါစီမံကိန်းသည် ဂျာမနီနှင့် EU တို့၏ ကျယ်ပြန့်သော စစ်လက်နက်အင်အား တိုးမြှင့်မှုလှုပ်ရှားမှုများကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius က အာကာသပတ်လမ်းအတွင်းရှိ ဘေးအန္တရာယ်များအပါအဝင် အမျိုးမျိုးသောစိန်ခေါ်မှုများကို ကိုးကား၍ ဘာလင်အနေဖြင့် လာမည့်ငါးနှစ်အတွင်း စစ်ဘက်ဆိုင်ရာ အာကာသနည်းပညာများတွင် ယူရို ၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံကျော်) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြောကြားခဲ့သည်။

ဇန်နဝါရီလတွင် ပထမဆုံးသတင်းထွက်ပေါ်ခဲ့သည့် အဆိုပြုချက်အရ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Rheinmetall၊ ဂြိုဟ်တုထုတ်လုပ်ရေး လုပ်ငန်း OHB နှင့် Airbus ကုမ္ပဏီတို့သည် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးအတွက်သာ သီးသန့်အသုံးပြုမည့် ကမ္ဘာပတ်လမ်းနိမ့် (Low-Earth-orbit) ဂြိုဟ်တုအလုံးရေ ၁၀၀ ခန့်ပါဝင်သော ကွန်ရက်တစ်ခုအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါစနစ်သည် SpaceX ၏ Starlink နှင့် ချိတ်ဆက်ထားသော အစိုးရသုံးကွန်ရက်ဖြစ်သည့် Starshield နှင့် ဆင်တူသော နည်းပညာကို အသုံးပြုသွားမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း EU သည် အစိုးရများ၊ စစ်ဘက်နှင့် စီးပွားရေးလုပ်ငန်းသုံး အသုံးပြုသူများအတွက် ဆက်သွယ်ရေးကွန်ရက် ထောက်ပံ့ ပေးနိုင်ရန်ရည်ရွယ်သည့် ဂြိုဟ်တုအလုံးရေ ၂၉၀ ခန့် ပါဝင်သော IRIS² အမည်ရှိ အဖွဲ့ဝင်နိုင်ငံများအားလုံး အကျုံးဝင်သည့် ဂြိုဟ်တုကွန်ရက် တစ်ခုကို အကောင်အထည်ဖော်နေသည်။ အဆိုပါ စီမံကိန်းသည် ဥရောပ မဟုတ်သည့် ဝန်ဆောင်မှုပေးသူများအပေါ်မှီခိုနေရမှုကို လျှော့ချရန် ဖြစ်ပြီး Starlink နှင့် Starshield တို့ကို ယှဉ်ပြိုင်မည့် ဥရောပ၏ အစားထိုး စနစ်အဖြစ် တင်ပြထား ခြင်းဖြစ်သည်။

ဥရောပပါလီမန်၏ လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ Marie-Agnes Strack-Zimmermann က "ဂျာမနီကသာ IRIS² နှင့် ပေါင်းစပ်မထားသည့် အမျိုးသားအဆင့် သီးခြားတည်ဆောက်ပုံတစ်ခုကို လုပ်ဆောင်မည်ဆိုပါက ဥရောပ၏ စုဖွဲ့မှုယန္တရားတွေကို အားနည်းသွား စေမယ့် အန္တရာယ်ရှိပါတယ်" ဟု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်း က ကိုးကားဖော်ပြခဲ့သည်။

သို့သော်လည်း ဂျာမနီအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ဘာလင်အနေဖြင့် IRIS² ကို မိမိတို့နိုင်ငံ၏ အစီအစဉ်များအတွက် ဖြည့်စွက်ချက် တစ်ခုအဖြစ် ရှုမြင်ကြောင်းနှင့် အဆိုပြုထားသည့်စနစ်သည် နိုင်ငံ၏ စစ်တပ်အတွက် သီးခြားလိုအပ်ချက်များနှင့် ကိုက်ညီအောင် ပုံဖော်ထားခြင်း ဖြစ်ကြောင်း ရိုက်တာသို့ ပြန်လည်ဖြေကြားခဲ့သည်။

ထိုကဲ့သို့သော အခြေအနေများသည် ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ဝါရှင်တန်နှင့် ဆက်ဆံရေးတို့အပေါ် EU အတွင်း သဘောထား ကွဲလွဲမှုများ ရှိနေစဉ်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကနဦးတွင် ဥရောပသမဂ္ဂ လိုလားသူအဖြစ် ရှုမြင်ခံခဲ့ရသော ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz သည် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် အမေရိကန်၏ မူဝါဒအပြောင်းအလဲများဖြစ်ပေါ်လာပြီးနောက် အမျိုးသားအကျိုးစီးပွားကို ပိုမို အလေးပေး လုပ်ဆောင်လာခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂