အီရန်နိုင်ငံက Kharg ကျွန်းအား အမေရိကန်၏ တိုက်ခိုက်မှုကိုခုခံရန် ပြင်ဆင်နေ
အီရန်နိုင်ငံသည် Kharg ကျွန်းသို့ အမေရိကန်၏ တိုက်ခိုက်မှု သို့မဟုတ် မြေပြင်မှ ကျူးကျော်ဝင်ရောက်လာမှုများကိုခုခံရန်အတွက် ထောင်ချောက် များ ဆင်ထားခြင်းအပါအဝင် အားသွန်ခွန်စိုက် ပြင်ဆင်နေသည်။ Kharg ကျွန်းသည် အီရန်ကမ်းရိုးတန်းမှ ၂၅ ကီလိုမီတာ (၁၅ မိုင်) ခန့်အကွာ ပါရှန်းပင်လယ်ကွေ့အတွင်းတည်ရှိပြီး မန်ဟက်တန် (Manhattan) ကျွန်း၏ သုံးပုံတစ်ပုံခန့်သာရှိသော သန္တာကျွန်းငယ်တစ်ခုဖြစ်သည်။
အီရန်နိုင်ငံ၏ အဓိက ရေနံမြေများဖြစ်သော Ahvaz ၊ Marun နှင့် Gachsaran တို့မှ ထွက်ရှိသည့် ရေနံစိမ်း စည်ပေါင်း သန်းနှင့်ချီသည် ပိုက်လိုင်းများမှတစ်ဆင့် အဆိုပါကျွန်းသို့ နေ့စဉ် စီးဆင်းလျက်ရှိသည်။ စစ်ရေးအရ တင်းကျပ်စွာထိန်းချုပ်ထားမှုကြောင့် အီရန်လူမျိုးများ ကြားတွင် ထိုကျွန်းကို "တားမြစ်ထားသောကျွန်း" (Forbidden Island) ဟုလည်း သိကြသည်။
ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်လောက်အောင် နက်ရှိုင်းသော ရေပြင်ထဲသို့ ထိုးထွက်နေသည့် ကျွန်း၏ တံတားရှည်ကြီးများသည် အဆိုပါ ကျွန်းကို ရေနံဖြန့်ဖြူးရေးအတွက် အလွန်အရေးပါသောနေရာတစ်ခု ဖြစ်စေသည်။ အီရန်နိုင်ငံ၏ ရေနံစိမ်းတင်ပို့မှု ၉၀% ကို အဆိုပါကျွန်းမှ တစ်ဆင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
အဆိုပါကျွန်းသည် အီရန်နိုင်ငံ၏ စီးပွားရေးအတွက် ကာလရှည်ကြာ အဓိကသော့ချက်ဖြစ်ခဲ့သည်။ ၁၉၈၄ ခုနှစ်က စီအိုင်အေ (CIA) ၏ စာတမ်း တစ်ခုတွင် ထိုနေရာရှိ အဆောက်အအုံများသည် "အီရန်ရေနံစနစ်တွင် အရေးပါဆုံးဖြစ်ပြီး ၎င်းတို့ ဆက်လက်လည်ပတ်နိုင်မှုသည် အီရန်၏ စီးပွားရေးကောင်းမွန်ရေးအတွက် မရှိမဖြစ်လိုအပ်သည်" ဟု ဖော်ပြခဲ့သည်။ အစ္စရေးအတိုက်အခံခေါင်းဆောင် Yair Lapid ကလည်း မကြာသေးမီက ပြောကြားရာတွင် ထိုရေနံဆိပ်ကမ်းကို ဖျက်ဆီးလိုက်ခြင်းသည် အီရန် စီးပွားရေးကို ဒုက္ခိတဖြစ်သွားစေပြီး အစိုးရကိုပြိုလဲစေလိမ့်မည်ဟု ဆိုခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
