ထရန့်စဂျန်ဒါ အားကစားသမားများအား အိုလံပစ်ပြိုင်ပွဲများ၏ အမျိုးသမီးကဏ္ဍတွင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) သည် ၎င်းတို့၏ အရည်အချင်းသတ်မှတ်ချက် မူဝါဒအသစ်အရ ထရန့်စဂျန်ဒါ (လိင်ပြောင်းလဲထားသူ) အားကစားသမားများအား အိုလံပစ်ပြိုင်ပွဲများ၏ အမျိုးသမီးကဏ္ဍတွင် ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ခိုင်လုံသော အထောက်အထားများနှင့် ကျွမ်းကျင်သူများ၏ အကြံပြုချက်များအပေါ်တွင် အခြေခံထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယခင်က IOC ၏ မူဝါဒဘောင်အတွင်း၌ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းပမာဏ လျှော့ချထားခြင်းဖြင့် ထရန့်စဂျန်ဒါများ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြသည်။ အိုလံပစ်ပြိုင်ပွဲများတွင် ထရန့်စဂျန်ဒါများ ပါဝင်ယှဉ်ပြိုင်မှုသည် ကမ္ဘာတစ်ဝှမ်းတွင် အငြင်းပွားဖွယ်ရာကိစ္စရပ်တစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် အမေရိကန် ရေကူးသမား Lia Thomas နှင့် နယူးဇီလန် ဝိတ်မအားကစားသမား Laurel Hubbard တို့ကဲ့သို့သော ဖြစ်ရပ် များသည် ပြိုင်ပွဲတွင် မမျှတသော အသာစီးရမှုများ ရှိနိုင်ခြင်း ရှိ၊ မရှိ အပေါ် ဆွေးနွေးငြင်းခုံမှုများကို မြင့်တက်စေခဲ့သည်။
၂၀၂၄ ပါရီအိုလံပစ်တွင်လည်း အယ်လ်ဂျီးရီးယား လက်ဝှေ့သမား Imane Khelif သည် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ၌ ကျား/မ ဆိုင်ရာစံနှုန်းများကြောင့် ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရသော်လည်း အိုလံပစ်တွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့ရာ အရည်အချင်းသတ်မှတ်ချက် စံနှုန်းများနှင့်ပတ်သက်၍ အငြင်းပွားမှု များ ပိုမိုပြင်းထန်လာခဲ့သည်။ ထိုစဉ်က IOC ဥက္ကဋ္ဌဖြစ်သူ Thomas Bach က အားကစားလောကတွင် အမျိုးသားနှင့် အမျိုးသမီးကဏ္ဍကို ခွဲခြားရန် "သိပ္ပံနည်းကျ ခိုင်လုံသော စနစ်မရှိသေးကြောင်း" ပြောကြားခဲ့ဖူးသည်။
ကြာသပတေးနေ့ (မတ် ၂၆) က ထုတ်ပြန်လိုက်သည့် ပြင်ဆင်ထားသောမူဝါဒသည် သိပ္ပံနည်းကျ ပြန်လည်သုံးသပ်မှုများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ အမျိုးသားအဖြစ် အရွယ်ရောက်ချိန် (Male Puberty) တွင် ရရှိခဲ့သော ကြွက်သားထု ပိုမိုကြီးမားခြင်းနှင့် နှလုံးနှင့်သွေးကြောဆိုင်ရာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာအသာစီးရမှုများသည် ဆေးဝါးဖြင့် ဟော်မုန်းပမာဏလျှော့ချလိုက်သည့်တိုင်အောင် ဆက်လက်တည်ရှိနေနိုင်ကြောင်း ထိုသုံးသပ်ချက်က ကောက်ချက်ချထားသည်။
"အိုလံပစ်ပြိုင်ပွဲတွေမှာ အလွန်သေးငယ်တဲ့ ကွာခြားချက်လေးကတောင် အနိုင်နဲ့အရှုံးကို အဆုံးအဖြတ် ပေးသွားနိုင်ပါတယ် ၊ ဒါကြောင့် ဇီဝဗေဒ အရအမျိုးသားဖြစ်သူတွေက အမျိုးသမီးကဏ္ဍမှာ ယှဉ်ပြိုင်တာဟာ မမျှတဘူးဆိုတာ အင်မတန်ရှင်းလင်းပါတယ်၊ ဒါ့အပြင် အချို့သော အားကစားနည်းတွေမှာဆိုရင် ဘေးကင်းလုံခြုံမှုတောင် မရှိနိုင်ပါဘူး" ဟု အိုလံပစ် ရေကူးသမားဟောင်းတစ်ဦးလည်းဖြစ်သူ IOC ဥက္ကဋ္ဌ Kirsty Coventry က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
