ဂါဇာကမ်းမြောင်ဒေသ၌ ကြွက်များနှင့် ကပ်ပါးပိုးများကြောင့် ဖြစ်ပွားသော အရေပြား ရောဂါကူးစက် ဖြစ်ပွားမှု ၁၂၅၀၀၀ ကျော်ရှိ

News Image

  • ဂါဇာကမ်းမြောင်ဒေသ၌ ကြွက်များနှင့် ကပ်ပါးပိုးများကြောင့် ဖြစ်ပွားသော အရေပြား ရောဂါကူးစက် ဖြစ်ပွားမှု ၁၂၅၀၀၀ ကျော်ရှိ

ဂါဇာ မေ ၂၂

 

၂၀၂၆ ခုနှစ် ပထမငါးလအတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ကြွက်များနှင့် ကပ်ပါးပိုးများကြောင့် ဖြစ်ပွားသော အရေပြားရောဂါကူးစက်ဖြစ်ပွားမှု ၁၂၅၀၀၀ ကျော်ရှိသည်ဟု အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂအကူအညီပေးရေးနှင့် အလုပ်အကိုင် အေဂျင်စီ (UNRWA)၏ ယမန်နေ့ သတင်းဖော်ပြချက်အရ သိရသည်။

 

အရေပြားကူးစက်ရောဂါသည် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော နောက်ထပ် အကျပ်အတည်း တစ်ခုဖြစ်ကြောင်း၊ ကြွက်များနှင့် ကပ်ပါးပိုးများ အလွန်များပြားလာခြင်းကြောင့် အရေပြားကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွားလျက်ရှိကြောင်း UNRWA က၎င်း၏ လူမှုမီဒီယာ X အကောင့်တွင် ဖော်ပြခဲ့သည်။

 

 

UNRWA က ၎င်း၏ ဆေးအဖွဲ့သည် နေ့စဉ်အရေပြား ကူးစက်ရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ကို ကုသပေးလျက်ရှိကြောင်း၊ သို့သော်လည်း ဆေးကုသမှုတွင် ဆေးဝါးပြတ်လပ်မှုများကြောင့် ကန့်သတ်ချက်များ ရှိနေကြောင်း ပြောကြားခဲ့သည်။

 

 

အပူလွန်ကဲမှုများနှင့် ရွှေ့ပြောင်းစခန်းများ၌ လူနေထိုင်မှု အဆင့်အတန်းနိမ့်ကျမှုများကြောင့် ဂါဇာ ကမ်းမြောင်ဒေသခံများ အထူးသဖြင့် ကလေးငယ်များတွင် အရေပြားကူးစက်ရောဂါများ လျင်မြန်စွာ ပျံ့နှံ့ဖြစ်ပွားလျက်ရှိသည်။ ဆေးဝါးပြတ်လပ်မှုများနှင့် လိုအပ်သောဆေးဝါးကုသမှုမပေးနိုင်သော ကြောင့် ဖြစ်ပေါ်နေသော အခြေအနေမှာ ပိုမိုဆိုးရွားလျက်ရှိသည်ဟု ဆရာဝန်များက ပြောသည်။ ယင်းဒေသအတွင်း ပြန့်ကျဲနေသည့် နေရပ်စွန့်ခွာသူများ၏ ယာယီတဲများက လူသားဆန်မှုမရှိသည့် အခြေအနေတစ်ခုကို ဖြစ်ပေါ်စေပြီး ကြွက်များ၊ ပိုးမွှားများ ပျံ့နှံ့စေသကဲ့သို့ ရေညစ်ညမ်းမှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်ဟု ပါလက်စတိုင်းလခြမ်းနီအသင်း ကျန်းမာရေးအစီအစဉ် ညွှန်ကြားရေးမှူး ဘတ်ရှာမူရတ်က ပြောကြားခဲ့သည်။

 

ဆင်ဟွာ