သထုံခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးတို့အား ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၂၂
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ် သထုံခရိုင်ပြည်သူ့ဆေးရုံနှင့် ပေါင်မြို့နယ် ရင်းငြိမ်တိုက်နယ်ဆေးရုံများ၌ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်း များနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မော်လမြိုင်ဆေးရုံကြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ပေးမည့် အရေးပေါ်ပြင်ပလူနာဌာန အသစ်ဆောက်လုပ်မည့်နေရာကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)အား သူနာပြုသိပ္ပံ အဆင့်မြှင့်တင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ လက်တွေ့သင်ကြားရေးခန်းများ (Skill Lab)၊ စာကြည့်တိုက်၊ ထမင်းချက်ခန်း၊ ကွန်ပျူတာဆောင်နှင့် သင်တန်းသူအိပ်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
MDN
