ဆူဒန်နိုင်ငံ၌ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်ရန် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ ရုန်းကန်နေရ

News Image

  • ဆူဒန်နိုင်ငံ၌ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်ရန် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ ရုန်းကန်နေရ

ဂျီနီဗာ မေ ၂၂

 

ဆူဒန်နိုင်ငံ၌  အကူအညီပေးရေးအဖွဲ့များသည် လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့်  အကူအညီ ဝင်ရောက်ခွင့်အတွက် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရချိန် သွေးလွန်တုပ်ကွေး၊ မျောက်ကျောက်နှင့် ကာလဝမ်းရောဂါအပါအဝင် အခြားသောရောဂါများကို ထိန်းချုပ်ရန် ရုန်းကန် နေရသည်ဟု  ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက မေ ၂၁ ရက်တွင် ပြောသည်။ 

 

 

အနောက်ကော်ဒိုဖန်ပြည်နယ်  နူဟွဒ်ဒေသတွင် ကာလဝမ်းရောဂါနှင့် ဆက်စပ်သည့် ပြင်းထန်ဝမ်းပျက် ရောဂါသံသယဖြစ်ဖွယ်  ကူးစက်ပျံ့နှံ့မှုကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ၎င်း၏မိတ်ဖက် အဖွဲ့အစည်းများက  တုံ့ပြန်ဆောင်ရွက်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ပြောသည်။

 

ယခု သီတင်းပတ်အတွင်း သံသယဖြစ်ဖွယ် လူနာ ၁၀၀ နှင့် သေဆုံးသူများရှိကြောင်း  အစီရင်ခံ တင်ပြထားသည်။ ဒါဖာဒေသတွင် သံသယဖြစ်ဖွယ် မျောက်ကျောက် ရောဂါဖြစ်ပွားမှုကို ကိုင်တွယ် ဖြေရှင်းရန် လူသားချင်းစာနာ ထောက်ထားမှု အဖွဲ့အစည်းများသည် ကျန်းမာရေးအာဏာပိုင်များ နှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိသည်။ 

 

 

အလယ်ပိုင်းနှင့် တောင်ပိုင်း ဒါဖာပြည်နယ်တို့တွင်  မျောက်ကျောက်ရောဂါဟု သံသယရှိသူ ပေါင်း ၃၀၀ ကျော်ရှိပြီး  ယခုသီတင်းပတ်အတွင်း သေဆုံးသူ ငါးဦးရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ပြောသည်။ ဆူဒန်နိုင်ငံရှိ အကူအညီပေးရေး အဖွဲ့အစည်းများသည် ယခုနှစ် ပထမ လေးလအတွင်း လူပေါင်း ၁ ဒသမ ၆ သန်းကို ကူညီပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ 

 

ဆင်ဟွာ

MDN