ဖရိုင်းဘတ်အသင်းကို အနိုင်ရပြီး အက်စ်တွန်ဗီလာအသင်း ယူရိုပါလိဂ်ဖလား ဆွတ်ခူး
အက်စ်တွန်ဗီလာအသင်းဟာ မေ ၂၁ ရက် နံနက်ပိုင်းက ဖရိုင်းဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ပရီမီယာလိဂ်ကလပ် အက်စ်တွန်ဗီလာအသင်းဟာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့ပြီး သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဖရိုင်းဘတ်အသင်းနဲ့ အက်စ်တွန်ဗီလာအသင်းတို့ ပွဲစဉ်မှာ အက်စ်တွန်ဗီလာအသင်းအတွက် သွင်းဂိုးတွေကို တီယယ်လီမန်က တစ်ဂိုး၊ ဘူအန်ဒီယာက တစ်ဂိုးနဲ့ မော်ဂန်ရော်ဂျာ က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အက်စ်တွန်ဗီလာအသင်းအနေနဲ့ ယခုလို ယူရိုပါလိဂ်ဖလား ရယူဆွတ်ခူးနိုင်ခဲ့ခြင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အဓိကဖလားကြီးဖြစ်တာလည်း ဖြစ်ပါတယ်။ အက်စ်တွန်ဗီလာအသင်းနည်းပြ အူနိုင်းအမ်မရီကတော့ ယူရိုပါလိဂ်ဖလားကို ဆီဗီလာအသင်းနဲ့ သုံးကြိမ်၊ ဗီလာရီးယဲလ်အသင်းနဲ့ တစ်ကြိမ် ရယူဆွတ်ခူးနိုင်ခဲ့ပြီး နည်းပြဘဝတစ်လျှောက်မှာ ယူရိုပါလိဂ်ဖလားကို (၅)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖရိုင်းဘတ်အသင်းကတော့ အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကစားခွင့်ရရှိခဲ့တဲ့ ဥရောပဗိုလ်လုပွဲမှာ အက်စ်တွန်ဗီလာအသင်းရဲ့ ကွင်းလယ်အင်အားနဲ့ နည်းဗျူဟာကို လုံးဝမယှဉ်နိုင်ခဲ့တာကြောင့် ရှုံးပွဲကြုံခဲ့ရတာလည်းဖြစ်ပါတယ်။
ငွေကြယ်
MDN
