အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်မှုများ အရှိန်မြှင့်လာပါက အီရန် ဘက်မှ စစ်ကူတိုက်ပေးမည်ဟု ဟူသီအဖွဲ့ သတိပေး
အကယ်၍ အမေရိကန်နှင့်အစ္စရေးတို့က တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာပါက အီရန်ကိုထောက်ခံအားပေးသည့်အနေဖြင့် စစ်ပွဲ အတွင်းပါဝင်ရန် အသင့်ရှိကြောင်း ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ဝင် အစိုးရအရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။
ယီမင်ဟူသီအဖွဲ့သည် ယခင်က Bab al-Mandab ရေလက်ကြားနှင့် ပင်လယ်နီအတွင်းရှိ ကုန်သွယ်ရေးသင်္ဘောများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုကဏ္ဍတွင် အကြီးအကျယ် ပရမ်းပတာဖြစ်ပေါ်စေခဲ့သည်။အချို့သော လေ့လာဆန်းစစ်သူများက ဟူသီအဖွဲ့ စစ်ပွဲအတွင်း ပါဝင် လာလိမ့်မည်ဟု မျှော်လင့်ထားကြသော်လည်း လက်ရှိအချိန်အထိ တရားဝင် ပါဝင်ခြင်း မရှိသေးပေ။
" Ansaruallah ဦးဆောင်သည့် ယီမင်နိုင်ငံဟာ အီရန်ကို ကူညီပံ့ပိုးဖို့ ပါဝင်သွားမှာပါ ၊ ဒါဟာ ကျွန်တော်တို့ရဲ့ ဘာသာရေး၊ ကိုယ်ကျင့်တရားနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတာဝန်ရှိမှုပဲ ဖြစ်ပါတယ်" ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် မိုဟာမက် မန်ဆာ (Mohammed Mansour) က CNN သို့ စာဖြင့်ပေးပို့သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပါဝင်မည့်အချိန်မှာ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆုံးဖြတ်ချက်နှင့် တီဟီရန် ရှိ အီရန် အစိုးရ၊ ၎င်းတို့၏ မဟာမိတ်များနှင့် တိုင်ပင်ဆွေးနွေးမှုများ အပေါ် မူတည်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မန်ဆာက "အကယ်၍ ဝါရှင်တန်နှင့် ၎င်း၏ မဟာမိတ်တွေက အီရန် အပေါ် အခြေအနေတွေကို အရှိန်မြှင့်လာမယ်ဆိုရင် ယီမင်က ၎င်းတို့ ထက်ဦးအောင် ကြားဖြတ်ဝင်ရောက်သွားမှာပါ" ဟု ပြောကြားခဲ့ပြီး ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်း၏ အချက်အချာဖြစ်သော Bab al-Mandab ရေလက်ကြားကို ပိတ်ပစ်ရန်မှာလည်း "ဖြစ်နိုင်ခြေရှိသော ရွေးချယ်စရာတစ်ခု" ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ "အဆိုပါနောက်ဆက်တွဲ အကျိုးဆက်တွေကို အမေရိကန်နှင့် အစ္စရေး ကျူးကျော်သူတွေအပြင် ကြံရာပါတွေနှင့် နှုတ်ဆိတ်နေသည့် မြို့တော်တွေက ခံစားရမှာပါ" ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။
လက်ရှိတွင် အီရန်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို လေးပတ်နီးပါးကြာ ပိတ်ထားခဲ့ပြီးဖြစ်ရာ ကမ္ဘာ့ရေနံဈေးကွက်ကို အကြီးအကျယ် ရိုက်ခတ်နေစေသည်။
ကြာသပတေးနေ့ (မတ် ၂၆) က ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သော မိန့်ခွန်းတွင် ဟူသီခေါင်းဆောင် အဗ္ဗဒူ မာလက် အယ်လ်ဟူသီ (Abdel Malek al-Houthi) က ယီမင်ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်နေမှုကြောင့် နိုင်ငံအတွင်း ကြီးမားသောဆုံးရှုံးမှုများ ဖြစ်ပေါ်နေရကြောင်း ထည့်သွင်းပြောဆိုခဲ့သော်လည်း လက်ရှိအီရန်စစ်ပွဲအတွင်း ပါဝင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာချက်မျိုးမူ မရှိသေးပေ။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
