ပြင်သစ်လီဂူးအဖွဲ့ချုပ်က ပီအက်စ်ဂျီအသင်းနှင့် လန်းအသင်းတို့ ကစားမည့်ပွဲစဉ်ကို ရွှေ့ဆိုင်းရန်ခွင့်ပြု
ပဲရစ် မတ် ၂၈
ပြင်သစ်လီဂူးအဖွဲ့ချုပ်က ပြင်သစ်လီဂူးပြိုင်ပွဲ ပွဲစဉ်(၂၉)အဖြစ် ပီအက်စ်ဂျီအသင်းနှင့် လန်းအသင်း တို့ကစားမည့်ပွဲစဉ်ကို ရွှေ့ဆိုင်းရန်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် လာမည့် ဧပြီလ ၉ ရက်တွင် လီဗာပူးအသင်းနှင့် ကစားရမည်ဖြစ်ကာ လီဗာပူးအသင်းနှင့်ပွဲစဉ်ပြီး လျှင် တစ်ရက်သာခြားပြီး ဧပြီလ ၁၁ ရက်တွင် လန်း အသင်းနှင့် ပြင်သစ်လီဂူးပြိုင်ပွဲ ပွဲစဉ်(၂၉) အဖြစ် ကစားရမည်ဖြစ်သည်။
ပီအက်စ်ဂျီအသင်းက လီဗာပူးအသင်းနှင့်ကစားမည့်ပွဲစဉ်အပြီး လန်းအသင်းနှင့်ကစားမည့်ပွဲစဉ် အတွက် ပြင်ဆင်ချိန်တစ်ရက်သာရရှိမည်ဖြစ်သည့် အတွက် အဆိုပါပွဲစဉ်ကိုရွှေ့ဆိုင်းပေးရန် ပြင်သစ် လီဂူးအဖွဲ့ချုပ်နှင့် လန်းအသင်းတို့ထံ တောင်းဆိုခဲ့ရာ အစောပိုင်းက လန်းအသင်းက ပီအက်စ်ဂျီအသင်း၏ တောင်းဆိုမှုကိုပယ်ချပြီး သတ်မှတ်ရက်တွင်သာ ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပီအက်စ်ဂျီအသင်းသည် ယခုဘောလုံးရာသီ ပြင်သစ်လီဂူးပြိုင်ပွဲတွင် ၂၆ ပွဲကစားထားပြီး ရမှတ် ၆၀ ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်လျက် ရှိသည်။ လန်းအသင်းကလည်း ၂၇ ပွဲကစားပြီးချိန် တွင် ရမှတ် ၅၉ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၂)နေရာ၌ ရပ်တည်လျက်ရှိသည်။ ပီအက်စ်ဂျီ အသင်းနှင့် လန်းအသင်းတို့ပွဲစဉ်သည် ချန်ပီယံဆု အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်သည့် အခြေအနေ များကြောင့် လန်းအသင်းက ပွဲစဉ်ရွှေ့ဆိုင်းပေးရန် ငြင်းဆန်ခဲ့သော်လည်း ယခုအခါ ပြင်သစ်လီဂူးအဖွဲ့ ချုပ်က ခွင့်ပြုပေးသည့်အတွက် အဆိုပါပွဲစဉ်ကို ရွှေ့ဆိုင်းကျင်းပမည်ဖြစ်သည်။
လန်းအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ကစားမည့် ပြင်သစ်လီဂူးပြိုင်ပွဲ ပွဲစဉ်(၂၉)ကို လာမည့် ဧပြီ လ ၁၁ ရက်မှ မေလ ၁၃ ရက်သို့ ရွှေ့ဆိုင်းကျင်းပ မည်ဖြစ်သည်။
ပီအက်စ်ဂျီအသင်းသည်လန်းအသင်းနှင့်ပွဲစဉ် မတိုင်မီကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆) သင်းရှုံး ထွက်အဆင့် ပွဲစဉ်ကြောင့် ပြင်သစ်လီဂူးပွဲစဉ်အဖြစ် ကစားရမည့် နန့်တက်အသင်းနှင့်ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းခဲ့ရပြီး အဆိုပါပွဲစဉ်ကို ဧပြီလ ၂၂ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
MWD
