နာပိုလီအသင်းက လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် အေစီမီလန်အသင်း နည်းပြဟောင်း အယ်လီဂရီနီအား ခန့်အပ်

News Image

  • နာပိုလီအသင်းက လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် အေစီမီလန်အသင်း နည်းပြဟောင်း အယ်လီဂရီနီအား ခန့်အပ်

ရောမ   မေ   ၂၉

‌‌     နာပိုလီအသင်းက လစ်လပ်နေသည့်အသင်း နည်းပြရာထူးအတွက် အေစီမီလန်အသင်းနည်းပြ ဟောင်း   အယ်လီဂရီနီအား ခန့်အပ်ခဲ့ကြောင်း  သိရသည်။

နာပိုလီအသင်းနည်းပြဟောင်း  ကွန်တီသည် နာပိုလီအသင်းကို ပြီးခဲ့သည့်ဘောလုံးရာသီက စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်း‌ဆောင်နိုင်ကာ အီတလီစီးရီးအေ ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်အောင် စွမ်းဆောင် ပေးနိုင်ခဲ့သူဖြစ်သည်။

အလားတူ နည်းပြကွန်တီသည်   ယခုဘောလုံး ရာသီတွင်လည်း အီတလီစီးရီးအေချန်ပီယံဆုလက် လွှတ်ခဲ့ရသော်လည်း အီတလီစီးရီးအေပြိုင်ပွဲပြီးဆုံး ချိန်တွင် အမှတ်ပေးဇယား အဆင့်(၂)နေရာ၌ ရပ်တည်အောင် စွမ်း‌ဆောင် ပေးနိုင်ခဲ့သော်လည်း ရာသီအကုန် တွင်အသင်းနည်းပြရာထူးမှ   နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

အလားတူ နည်းပြ အယ်လီဂရီနီသည်လည်း ယခု ဘောလုံးရာသီတွင် အေစီမီလန်အသင်းကို ဒုတိယ အကြိမ် တာဝန်ယူကိုင်တွယ်ခဲ့ရာ  ရာသီအစပိုင်း က  ချန်ပီယံဆုဖလားစိန်ခေါ်နိုင်သည်အထိ   ရလဒ် ကောင်းများရရှိခဲ့သော်လည်း ရာသီပြီးဆုံးခါနီးတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားကာ  ပြိုင်ပွဲနောက်ဆုံး ပွဲစဉ်အဖြစ်ကစားသည့်  ကက်ဂလီယာရီ အသင်းနှင့် ပွဲစဉ်တွင် ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် နှင့် နှစ်ရာသီဆက်လွဲချော်ခဲ့ပြီး    ယူရိုပါလိဂ်ပြိုင်ပွဲ သာဝင်ခွင့် ရရှိသည့်အတွက် ရာသီအကုန်တွင် အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခဲ့ရပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေရာမှ နာပိုလီအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

နည်းပြ   အယ်လီဂရီနီသည်    အီတလီစီးရီးအေ ပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်းနှင့်အတူ ချန်ပီယံဆုဖလားများ ဆွတ်ခူးနိုင်ခဲ့ပြီး   အီတလီစီးရီးအေပြိုင်ပွဲ တွင် အတွေ့အကြုံ အများအပြားရှိသောနည်းပြ တစ်ဦးဖြစ်သည့်အတွက် နာပိုလီအသင်းက  နည်းပြ သစ်ခန့်အပ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အလုံးစုံသဘောတူညီမှုရရှိပြီဖြစ်၍  မကြာမီ တရား ဝင်လက်မှတ်ရေးထိုးကာ  ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

MWD