ဟူသီ လက်နက်ကိုင်တပ်ဖွဲ့များ အရှေ့အလယ်ပိုင်းပဋိပက္ခအတွင်း တရားဝင်ပါဝင်လာကြောင်း ကြေညာ
ယီမင်ဟူသီလက်နက်ကိုင်တပ်ဖွဲ့များသည် အစ္စရေးနိုင်ငံသို့ ဒုံးကျည် အမြောက်အမြား ပစ်ခတ်လိုက်ခြင်းဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း သို့ ၎င်းတို့ တရားဝင်ဝင်ရောက်လာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ယီမင်မြို့တော် စာနား (Sanaa) နှင့် နိုင်ငံမြောက်ပိုင်းအများစုကို ထိန်းချုပ်ထားသော အဆိုပါအဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန် နှင့် အစ္စရေးတို့က တီဟီရန်ကို စတင်တိုက်ခိုက်ခဲ့စဉ်ကတည်းက ပါဝင်ပတ်သက်မှုမရှိဘဲ ငြိမ်သက်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စနေနေ့ (မတ် ၂၈) တွင် ဟူသီစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယာဟယာ ဆာရီး (Yahya Saree) က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး တီဟီရန် နှင့် ဒေသတွင်းရှိ အခြားသော တော်လှန်ရေးအင်အားစုများကို ထောက်ခံကြောင်း ကြေညာခဲ့သည်။
ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခအရှိန်မြင့်တက်လာမှု၊ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရမှုနှင့် လက်ဘနွန်၊ အီရန်၊ အီရတ်နှင့် ဂါဇာ ကမ်းမြောင်ဒေသတို့တွင် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် အမေရိကန်၊ အစ္စရေးနှင့် ၎င်းတို့၏ မဟာမိတ်များကို စစ်ဆင်ရေးများစတင်ရန် ဖိအားပေးခံနေရကြောင်း ၎င်းက ပြောကြားခဲ့သည်။ အကယ်၍ မည်သည့်နိုင်ငံမဆို ဝါရှင်တန်နှင့် အနောက်ဂျေရုဆလင်တို့၏ တိုက်ခိုက်မှုတွင် ပါဝင်လာပါက သို့မဟုတ် ပင်လယ်နီကို အီရန်အား ပစ်မှတ်ထားရန် အသုံးပြုပါက "မိမိတို့၏ လက်ချောင်းများသည် မောင်းခလုတ်ပေါ်တွင် အသင့်ရှိနေသည်" ဟု ဆာရီးက သတိပေးခဲ့သည်။
နာရီအနည်းငယ်အကြာတွင် ဟူသီအဖွဲ့က အစ္စရေး၏ အရေးပါသော စစ်ဘက်နေရာများကို ပစ်မှတ်ထား၍ ပဲ့ထိန်းဒုံးကျည် အမြောက်အမြား ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို အီရန်နှင့် လက်ဘနွန်ရှိ ဟစ်ဇဘိုလာတို့၏ စစ်ဆင်ရေးများနှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တော်လှန်ရေးတပ်ဦးများအားလုံးအပေါ် ကျူးကျော်မှုများမရပ်တန့်မချင်း ၎င်းတို့၏ တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဟု အဆိုပါအဖွဲ့က ဆိုသည်။
အစ္စရေးဘက်ကမူ စနေနေ့ (မတ် ၂၈) တွင် ယီမင်ဘက်မှလာသော ဒုံးကျည်နှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဟူသီ တို့၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီ ဒီဖရင် (Effie Defrin) က အနောက် ဂျေရုဆလင် အနေဖြင့် စစ်မျက်နှာပေါင်းစုံ စစ်ပွဲအတွက် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့သည်။
Times of Israel ၏ ဖော်ပြချက်အရ လွန်ခဲ့သည့်နှစ်နှစ်ခွဲအတွင်း ဟူသီ တို့သည် အစ္စရေးသို့ ပဲ့ထိန်းဒုံးကျည် ၁၃၀ ကျော်နှင့် ဒရုန်းအစင်းပေါင်း များစွာ ပစ်ခတ်ခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ယီမင်တိုက်ခိုက်ရေးသမားများက ၎င်းတို့၏ လုပ်ရပ်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမက်တို့၏ ဝင်ရောက်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာတွင် စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပါလက်စတိုင်းများကို ထောက်ခံအားပေးခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
ထို့အပြင် အဆိုပါအဖွဲ့သည် ပင်လယ်နီအတွင်း သင်္ဘောသွားလာရေးကို နှောင့်ယှက်ခဲ့ပြီး အေဒင်ပင်လယ်ကွေ့ရှိ အစ္စရေးနှင့်ဆက်နွှယ်နေသော သင်္ဘောပေါင်း ၁၀၀ ခန့်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကာ နှစ်စင်းကို နစ်မြုပ်စေခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် အမေရိကန်က ယီမင်ရှိ ဟူသီ ထိန်းချုပ်ရာ ဒေသများကို ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတိပေးထားသကဲ့သို့ ဟူသီတို့ကို အပြတ်အသတ် အနိုင်မရရှိဘဲ မေလတွင် စစ်ဆင်ရေး ပြီးဆုံးခဲ့သည်။ ထို့နောက် သင်္ဘောများအပေါ် တိုက်ခိုက်မှုများရပ်တန့်ရန် လက်နက်ကိုင်များနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။
ဟူသီတို့၏ သင်္ဘောများအပေါ် တိုက်ခိုက်မှု ပြန်လည်ပြင်းထန်လာပါက ရေနံဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ပြီး ရေကြောင်းလုံခြုံရေးတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group) မှ ယီမင်ဆိုင်ရာ အကြီးတန်းသုတေသနပညာရှင် အာမတ် နာဂီ (Ahmed Nagi) က သတိပေးခဲ့သည်။ "အကျိုးသက်ရောက်မှုက စွမ်းအင်ဈေးကွက်တင်မကဘဲ တခြားကဏ္ဍတွေကိုပါ ပျံ့နှံ့သွားလိမ့်မယ်" ဟု ၎င်းက ဆိုသည်။
အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားသော စစ်ပွဲကြောင့် ဟော်မုဇ် ရေလက်ကြားမှာ ပိတ်ဆို့သလောက်ဖြစ်နေသဖြင့် ဆော်ဒီအာရေဗျသည် ၎င်း၏ ရေနံကုန်သွယ်မှုကို ပင်လယ်နီဘက်သို့ လမ်းကြောင်းပြောင်းခဲ့ရပြီး အာရေဗျကျွန်းဆွယ် တောင်ဘက်စွန်းရှိ ၃၂ ကီလိုမီတာကျယ်သော ဘတ်ဘ်အယ်လ်မန်ဒက် (Bab el-Mandeb) ရေလက်ကြားမှတစ်ဆင့် နေ့စဉ် ရေနံစိမ်းသန်းပေါင်းများစွာကို တင်ပို့နေရသည်။ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များတွင် ဟူသီတို့က အဆိုပါရေလက်ကြားရှိ သင်္ဘောများကို ပစ်မှတ်ထားခဲ့စဉ်က သင်္ဘောကုမ္ပဏီများသည် လမ်းကြောင်းပြောင်းကာ တောင် အာဖရိကရှိ Good Hope အငူကိုပတ်၍ သွားလာခဲ့ရသဖြင့် ကြန့်ကြာမှုများနှင့် ကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်ခဲ့ရဖူးသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
