အသင်းမှထွက်ခွာရန် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်မည်မဟုတ်ဟု မန်ယူအသင်း ကွင်းလယ်ကစားသမား ကက်စ်မဲရိုးပြောကြား
မန်ချက်စတာ မတ် ၂၉
မန်ယူအသင်း ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုးက ယခုဘောလုံးရာသီအကုန်တွင် အသင်းမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်သွားမည်မဟုတ်ဘဲ ယခင်ဆုံးဖြတ်ချက်အတိုင်း ဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာ မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ် ကက်စ်မဲရိုးသည် ၂၀၂၂ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်သော်လည်း နောက်ပိုင်းဘောလုံးရာသီများတွင် ခြေစွမ်းပိုင်းကျဆင်းမှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ် သည်။
ကက်စ်မဲရိုးက "ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်မှာမဟုတ်ပါဘူး၊ ကျွန်တော်မန်ယူ အသင်းမှာရှိတဲ့အချိန်တွေမှာ ပျော်ရွှင်ခဲ့ရပါတယ်။ အသင်းအတွက်လည်း အခုဘောလုံးရာသီကုန်အထိ အာရုံစိုက်ပြီး အကောင်းဆုံးပေးဆပ်သွားမှာပါ။ ဒီဘောလုံးရာသီကုန်ရင်တော့ ကျွန်တော်အသင်း ကနေထွက်ခွာမှာပါ" ဟုပြောသည်။
ကက်စ်မဲရိုးသည် ယခုဘောလုံးရာသီ၌ နည်းပြ အမိုရင်လက်အောက်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန် ခဲ့ရသော်လည်း လက်ရှိနည်းပြ မိုက်ကယ်ကာရစ် လက်အောက်တွင် တစ်ကျော့ပြန်လည်ခြေစွမ်းပြ နိုင်ပြီးနောက် အသင်းပရိသတ်များကလည်း ကက်စ်မဲရိုးကို နောက်ထပ်ဘောလုံးတစ်ရာသီတွင် အသင်း၌ ဆက်လက်ကစားပေးရန်တောင်းဆိုမှု များရှိခဲ့သော်လည်း ကက်စ်မဲရိုးကိုယ်တိုင်က ယခင် ဆုံးဖြတ်ထားသည့်အတိုင်း ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်သည်။
မန်ယူအသင်းကလည်း ကက်စ်မဲရိုးနေရာတွင် အစားထိုးရန် ကစားသမားရှာဖွေမှုများ လုပ်ဆောင်နေပြီး လက်ရှိတွင် နယူးကာဆယ်အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် တိုနယ်လီကိုခေါ်ယူရန် ကြိုးပမ်း လျက်ရှိသည်။
ကက်စ်မဲရိုးသည် ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ကစားပြီးချိန်တွင် ခုနစ်ဂိုးသွင်းယူထားပြီး အသင်းနှင့်အတူပထမ ဆုံးဘောလုံးရာသီက သွင်းဂိုးအရေအတွက်ကို ရာသီမကုန်ဆုံးမီ လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။
Ref;The Athleti
MWD
