နော်တင်ဟမ်အသင်းက ကွင်းလယ်ကစားသမား အန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်
လန်ဒန် ဧပြီ ၂
နော်တင်ဟမ်အသင်းက ထိပ်တန်းအသင်းကြီး များက ခေါ်ယူလိုနေသည့် အသင်းမှ ကွင်းလယ်ကစား သမား အန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် အန်ဒါဆန်သည် နယူး ကာဆယ်အသင်းတွင် ကစားခွင့်မရရှိသည့်အတွက် ၂၀၂၄ ခုနှစ်က နော်တင်ဟမ်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပြီး အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သူဖြစ်သည်။
အန်ဒါဆန်သည် ယခုဘောလုံးရာသီတွင်လည်း နော်တင်ဟမ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြလျက်ရှိနေသည့်အတွက် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့က အပြိုင်ခေါ်ယူရန်ပြင်ဆင်နေခြင်း ဖြစ်သည်။
မန်ယူအသင်းသည် ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှ ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုး ထွက်ခွာမည်ဖြစ်သည့်အတွက် အန်ဒါဆန်နှင့်အစားထိုး လိုနေပြီး မန်စီးတီးအသင်းကလည်း ကွင်းလယ် ကစားသမား အင်အားဖြည့်တင်းလိုသည့်အတွက် အန်ဒါဆန်ကို ခေါ်ယူလိုနေခြင်းဖြစ်သည်။
အန်ဒါဆန်ကို ၂၀၂၅ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကတည်းက ထိပ်တန်းအသင်း ကြီးများက ခေါ်ယူရန် တရားဝင် ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သော်လည်း နော်တင်ဟမ်အသင်းက ပယ်ချခဲ့ပြီး လာမည့်နွေရာသီကစားသမားအပြောင်း အရွှေ့ကာလတွင် အန်ဒါဆန်ကိုယ်တိုင်က အသင်းမှ ထွက်ခွာလိုသည့်အတွက် နော်တင်ဟမ်အသင်းက ဆက်လက်ထိန်းထားရန် ခက်ခဲနိုင်သည့် အခြေအနေများကြောင့် မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြစ်သည့် စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ခြင်းဖြစ် သည်။
မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့ကလည်း နော်တင်ဟမ်အသင်း သတ်မှတ်ထားသည့် ပြောင်းရွှေ့ ကြေး စတာလင်ပေါင် သန်း ၁၀၀ကို ပေးချေရန်အသင့် ရှိနေသည့်အတွက် အန်ဒါဆန်အနေဖြင့် ပြောင်းရွှေ့ မည့်အသင်းကိုသာ ရွေးချယ်ရဖွယ်ရှိကြောင်း သိရသည်။
MWD
