ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး အဖွဲ့မှ ဒသမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

News Image

  • ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး  အဖွဲ့မှ ဒသမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန်   ဧပြီ  ၂                         

      နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်လျက်ရှိကြသော တပ်မတော်သားအပေါင်းတို့အား ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့မှ ဒသမအကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ပြုလုပ်သည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရ  အဖွဲ့ဝင်များ၊တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဗဟိုဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ ဦးဗိုလ်ဗိုလ်မောင် (အစ္စလာမ်ဘာသာ)နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

ဦးစွာ သွေးလှူဒါန်းကြမည့် သွေးအလှူရှင်များအား တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး  သွေးလှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ကြရာ အဆိုပါသွေးလှူဒါန်းနေမှုများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက   လိုက်လံကြည့်ရှုအားပေးပြီး    အာဟာရပြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အတွက် အလှူငွေများပေးအပ်ရာ  တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ  ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးဝဏ္ဏတို့က လက်ခံရယူခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ   ချစ်ကြည်ညီညွတ်ရေး အဖွဲ့သည်    စုပေါင်းသွေးလှူဒါန်းပွဲကို လေးလတစ်ကြိမ် ကျင်းပလျက်ရှိရာ ယနေ့ကျင်းပသည့် ဒသမအကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် သွေးအလှူရှင်  ၂၂၇ ဦးရှိကြောင်း သိရသည်။           

MWD