အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် သုံးကြိမ်ဆက်တိုက်လွဲချော်
ကမ္ဘာ့ဖလားကို လေးကြိမ်အထိ ရယူဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီအသင်းဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် မတ် ၃၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားတဲ့ play-offs ပွဲစဉ်မှာ ဘော့စနီးယားအသင်း ကို ရှုံးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် သုံးကြိမ်ဆက်လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။
အီတလီအသင်းဟာ ဘော့စနီးယားအသင်းနဲ့ပွဲစဉ်မှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ ဘော့စနီးယားအသင်းက လေးဂိုး- တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အခုလို ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲတို့မှာ ဝင်ခွင့်မရရှိခဲ့တဲ့ အီတလီအသင်းဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လည်း ထပ်မံလွဲခဲ့ရပြီ ဖြစ်ပါတယ်။
အခြားသော ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် play-offs ပွဲစဉ်တွေမှာ ချက်အသင်းက ဒိန်းမတ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ သုံးဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊ တူကီယဲအသင်းက ကိုဆိုဗိုအသင်း ကို တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ဆွီဒင်အသင်းက ပိုလန်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်
MDN
