စပါးအသင်း နည်းပြအဒီဟတ်တာ ခန့်အပ်ရေး နီးစပ်လျက်ရှိ
လန်ဒန်၊ မတ် ၃၀
စပါးအသင်းက နည်းပြတူဒေါနှင့် လမ်းခွဲပြီးနောက် လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် မိုနာကို အသင်းနည်းပြဟောင်း အဒီဟတ်တာအား ခန့်အပ်ရန် နီးစပ်လျက်ရှိကြောင်း သိရသည်။
စပါးအသင်းသည် ယခုဘောလုံးရာသီတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေသည့်အတွက် နည်းပြသော်မက်ဖရန့်နှင့် လမ်းခွဲပြီးနောက် နည်းပြသစ် အဖြစ် တူဒေါကို ခန့်အပ်ခဲ့သော်လည်း အသင်းအနေဖြင့် ရလဒ်များ တိုးတက်လာခြင်းမရှိသောကြောင့် နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ပြီး လက်ရှိတွင် နည်းပြရာထူးနေရာ လစ်လပ်နေခြင်း ဖြစ်သည်။
အသက် ၅၄ နှစ်အရွယ် အဒီဟတ်တာသည် နည်းပြဘဝတွင် ဆဲလ်ဘတ်အသင်း၊ ယန်းဘွိုင်းအသင်း၊ ဖရန့်ဖက်အသင်း၊ ဂလာဘတ်အသင်းနှင့် မိုနာကိုအသင်း စသည့် ဥရောပထိပ်တန်းကလပ်အသင်းများကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မိုနာကိုအသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေခြင်း ဖြစ်သည်။
အစောပိုင်းတွင် စပါးအသင်းက နည်းပြသစ်ရာထူးအတွက် မာဆေးလ်အသင်းနှင့် လမ်းခွဲပြီး ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ဒီဇာဘီအား ခန့်အပ်လိုသော်လည်း အသင်းပရိသတ်များက ကန့်ကွက်ခဲ့ကြသောကြောင့် ခန့်အပ်မည့်အစီအစဉ်ကို ရပ်တန့်ခဲ့ရသည်။
လက်ရှိတွင် စပါးအသင်းက နည်းပြအဒီဟတ်တာနှင့် ဆွေးနွေးမှုများလုပ်ဆောင်နေပြီး လာမည့်ရက်ပိုင်းအတွင်း အပြီးသတ် ခန့်အပ်နိုင်ရန် ကြိုးပမ်းနေကာ ဧပြီလ ၁၂ ရက်တွင် ကစားမည့် ဆန်းဒါးလန်းအသင်းနှင့် ပွဲစဉ်မတိုင်မီ ခန့်အပ်လိုခြင်း ဖြစ်သည်။
စပါးအသင်းသည် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ ၃၁ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၃၀ ဖြင့် အဆင့် (၁၇) နေရာ၌ ရပ်တည်နေပြီး တန်းဆင်းဇုန်မှ ဝက်စ်ဟမ်အသင်းနှင့် ရမှတ် တစ်မှတ်သာကွာနေကာ လက်ကျန်ပွဲစဉ် ခုနစ်ပွဲတွင် ရလဒ်များ ဆက်လက်ဆိုးရွားနေမည်ဆိုပါက ရာသီအကုန်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ချန်ပီယံရှစ် ပြိုင်ပွဲသို့ တန်းဆင်းရမည့် အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
Ref: Top Skills Sports UK
MWD
