မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကျင်းပ
ရန်ကုန် ဧပြီ ၁
ပဲခူးမြို့ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မျိုးဆက်သစ်မြန်မာ့ရိုး ရာလက်ဝှေ့ပြိုင်ပွဲ (Myanmar Fight 31)ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
အဆိုပါ မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ လေးချီစိန်ခေါ်ပွဲ ပွဲစဉ်တစ်ခုဖြစ်သည့် မြင့်မြတ်မောင်(ပဲခူးကလပ်)နှင့် ခွန်မင်းမင်း(ရွှေဘားလား/သထုံ)တို့ပွဲ ပထမအချီတွင် နှစ်ဦးသားသူတစ်ပြန်ကိုယ် တစ်ပြန်ထိုးသတ်နိုင်သော်လည်း ဒုတိယအချီတွင် မြင့်မြတ်မောင်၏ လက်သီးတွဲလုံးများ ဆက်တိုက်ထိမှန်ပြီး ခွန်မင်းမင်းအနားတောင်းခဲ့ရသည်။ တတိယအချီတွင် ဆိုင်ထိုးပြိုင်ထိုးခဲ့သော်လည်း မြင့်မြတ်မောင်၏ လက်သီးထိုးချက်များကြောင့် ခွန်မင်းမင်း အရှုံးပေးလိုက်ရသည်။
ထို့အတူ အာကာဗိုလ်(ပဲခူးကလပ်)နှင့် ရဲရင့်မာန်(တောင်ဇလပ်)တို့ပွဲတွင် အာကာဗိုလ်က ရဲရင့်မာန်ကို ဒုတိယအချီတွင် အလဲထိုးကာအနိုင်ယူသွားသည်။ လေးချီပြိုင်ပွဲတစ်ခုဖြစ်သည့် ကျော်နိုင်ထွန်း(အဖြူ ရောင်သွေးသစ်)နှင့် ကောင်းထက်ဟိန်း(လုံးချောကလပ်)တို့ပွဲတွင် မျိုးဆက်သစ်လူငယ်များပီပီ နှစ်ဦးသားအနိုင်မခံအရှုံးမပေး ထိုးသတ်ခဲ့သော်လည်း အလူအလဲဖြင့် ပူးတွဲသရေကျခဲ့သည်။
သုံးချီစိန်ခေါ်ပွဲများ၏ စွန်ရဲမောင် (Ray Club)နှင့် ထက်ဝေယံ(ကျားမနိုင်)တို့ပွဲတွင် ထက်ဝေယံက ပထမအချီ၌လည်းကောင်း၊ ငရဲ(Smart Fight)နှင့် သန်းထွန်းအောင်(ပြည်ကျော်/မန္တလေး)တို့ပွဲတွင် ငရဲက ဒုတိယအချီ၌လည်းကောင်း၊ ကောင်းကောင်း(ပဲခူးကလပ်)နှင့် သားထွေး(ကျားမနိုင်)တို့ပွဲတွင် သားထွေးက ဒုတိယအချီ၌လည်းကောင်း၊ စောလယ်တာမလာ (Ray Club)နှင့်အောင်သိုက်(အဖြူရောင်သွေးသစ်)တို့ပွဲတွင် အောင်သိုက်က ဒုတိယအချီ၌ လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။
အလားတူ အာကာမင်း(ပဲခူးကလပ်)နှင့် လင်းလက်ကြယ်(ဇာမဏီမောင်)၊ ထွန်းလင်းအောင် (Smart Fight) နှင့်ဇာနည်မင်း(ပြည်ကျော်/မန္တလေး)၊ ဖိုးခွားစိ(ပဲခူးကလပ်)နှင့် ဘားမားကျော်ထင် (ကျားမနိုင်)၊ ဖြိုးမင်းသန့်(ပဲခူးကလပ်)နှင့်ပိုင်ဇင်အောင်(MK-1)၊ သူရဟိန်း(လုံးချောကလပ်)နှင့် ပြည်ကျော်(Strong Wrestler)၊ အယ်လောလ(ရိုးရာကျား)နှင့်ကျားမာန်ဟိန်း(Smart Fight)တို့ပွဲစဉ်များနှင့် အမျိုးသမီးသုံးချီ စိန်ခေါ်ပွဲလာဂျူး(ပဒေသာကလပ်)နှင့် အိအိစံ(Strong Wrestler)တို့ပွဲတွင် အရှုံးအနိုင်မပေါ်သည့်အတွက် ပူးတွဲသရေပွဲများဖြစ်ခဲ့သည်။
အဆိုပါ မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး ပဲခူးတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ ဆပ်ကော်မတီနှင့် ရပ်မိရပ်ဖစေတနာရှင် ဝါသနာရှင်များ၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များ၊ ပဲခူးတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ ဆပ်ကော်မတီနှင့် ရပ်မိရပ်ဖစေတနာရှင်များ၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာ၀န်ရှိသူများ၊ လက်ဝှေ့ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကာ မြန်မာနိုင်ငံ မွေအဖွဲ့ချုပ် ဥက္ကဋ္ဌဦး၀ဏ္ဏက အားကစားသမားများအား ဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးမင်းထွဋ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
MWD
