ဟော်မုဇ်ရေလက်ကြားမှ ရေနံတင်ပို့မှုမှာ လွန်စွာနည်းပါးသည့် ပမာဏသာရှိတော့ကြောင်း ပင်လယ်ကွေ့ ရေနံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦး က ပြောကြား
အမေရိကန်အခြေစိုက် ရေနံကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Gulf Oil ၏ စွမ်းအင်ဆိုင်ရာ အဓိကအကြံပေးပုဂ္ဂိုလ်က ဟော်မုဇ် ရေလက်ကြား အတွင်း လမ်းကြောင်းပြောင်းလဲမှုများကြောင့် အမေရိကန် စားသုံးသူများအပေါ် သက်ရောက်မှုရှိလာရန်မှာ အချိန်အတန်ကြာ စောင့်ရဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Tom Kloza ၏ ပြောကြားချက်အရ အရေးပါသော အဆိုပါ ရေလမ်းကြောင်း ကို ပြန်လည်ဖွင့်လှစ်ရန် အင်္ဂါနေ့ (ဧပြီ ၇) ညက သဘောတူညီခဲ့သည့် (၂) ပတ်ကြာ အပစ်အခတ်ရပ်စဲရေး၏ အခြေအနေတစ်ရပ်အဖြစ် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် ရေနံစိမ်းတင်ပို့မှု ပိုမိုများပြား လာသည့် အထောက်အထားကို မတွေ့ရသေးကြောင်း သိရှိရသည်။
အစ္စရေးက လက်ဘနွန်တွင် အပစ်ရပ်စဲရေးကို ချိုးဖောက်ခဲ့သည်ဟု ဆိုကာ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် သင်္ဘောတင်ပို့မှုများမှာ သိသိသာသာနှေးကွေးသွားပြီးနောက် လုံးဝရပ်တန့်သွားခဲ့ကြောင်း ပြောဆိုခဲ့သည်။
"ဒါဟာ အခုမှ စတင်နေတဲ့ အဆင့်လေးတွေပဲ ရှိသေးတယ်ဆိုတာကိုကျွန်တော် အလေးပေးပြောချင်ပါတယ် ၊ ရေလက်ကြားကြီး ပြန်ပွင့်တော့မယ်ဆိုတဲ့ အရိပ်အယောင်လည်း မရှိသေးသလို အပစ်ရပ်စဲရေးကလည်း ပြောရရင်တော့ တော်တော်လေးကို အားနည်းတဲ့အခြေအနေမှာ ရှိနေပါတယ်" ဟု Kloza က CNN မှ Jake Tapper ကို ပြောကြား ခဲ့သည်။
၎င်းက ဆက်လက်ပြောကြားရာတွင် ရေနံတင်ပို့မှုမှာ လွန်စွာနည်းပါးသည့် ပမာဏသာရှိတော့ကြောင်းနှင့် အပစ်ရပ်သဘောတူညီချက်မှာ ခိုင်မာမှုမရှိသောကြောင့် ရေနံတင်ပို့သူများသည် လက်ရှိအချိန်တွင် ထိုလမ်းကြောင်းကိုအသုံးပြုရန် အလွန်ဝန်လေးနေကြလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။
"ကျွန်တော်တို့ မှီခိုနေရတဲ့ ဟော်မုဇ်ရေလက်ကြားရဲ့ ပုံမှန်ကုန်သွယ်မှု ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၇၀ ရာခိုင်နှုန်းလောက်အထိ ပြန်လည် ရောက်ရှိဖို့တောင်မှ ရက်သတ္တပတ်ပေါင်းများစွာ လိုအပ်ဦးမယ့် ပုံစံမျိုး ဖြစ်နေပါတယ်" ဟု Kloza က သုံးသပ်ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
