အီရန်အပစ်ရပ်စဲရေးအပေါ် မရေရာမှုများကြောင့် အာရှစတော့ စျေးကွက်များ ပြန်လည်ကျဆင်း

News Image

  • အီရန်အပစ်ရပ်စဲရေးအပေါ် မရေရာမှုများကြောင့် အာရှစတော့ စျေးကွက် များ ပြန်လည်ကျဆင်း

အီရန်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးသတင်းကြောင့် မြင့်တက်ခဲ့သော အာရှစတော့စျေးကွက်များသည် ယခုအခါ အမြတ်အစွန်းအချို့ ပြန်လည် လျော့ကျသွားပြီဖြစ်သည်။ အပစ်ရပ်သဘောတူညီချက်၏ အနာဂတ်နှင့် ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများ လွတ်လပ်စွာ ဖြတ်သန်းခွင့်ရမည့် အပေါ် လွန်စွာမရေမရာဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ စျေးကွက်ပြန်အေးသွားခြင်း ဖြစ်သည်။

ကြာသပတေးနေ့ (ဧပြီ ၉) ဒေသစံတော်ချိန် နံနက် ၁၀:၁၅ နာရီတွင် ဟောင်ကောင်၏ Hang Seng အညွှန်းကိန်းသည် ၀.၆% ကျဆင်းကာ ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ Shanghai Composite အညွှန်းကိန်း သည်လည်း ၀.၆% ကျဆင်းခဲ့သည်။ ထို့အတူ တောင်ကိုရီးယား၏ Kospi သည် ၁.၁၁% ကျဆင်းခဲ့ပြီး ဂျပန်နိုင်ငံ၏ အဓိကအညွှန်းကိန်းဖြစ်သော Nikkei 225 သည်လည်း ၀.၆% ကျဆင်းကာ အရောင်းအဝယ်ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် အမေရိကန် West Texas Intermediate (WTI) ရေနံအနာဂတ်စျေးနှုန်းသည် ၂.၆% မြင့်တက်ကာ တစ်စည်လျှင် ၉၆.၈၉ ဒေါ်လာဖြစ်လာပြီး၊ ကမ္ဘာ့ရေနံစံနှုန်းဖြစ်သော Brent crude အနာဂတ် စျေးနှုန်းမှာ ၂.၁% မြင့်တက်ကာ တစ်စည်လျှင် ၉၆.၇၅ ဒေါ်လာသို့ ရောက်ရှိလာခဲ့သည်။

ကြာသပတေးနေ့ (ဧပြီ ၉) ၏ အပြောင်းအလဲမှာ အမေရိကန်နှင့် အီရန်တို့ ယခုသီတင်းပတ်အတွင်းကြေညာခဲ့သော နှစ်ပတ်ကြာ အပစ်ရပ်စဲရေး အပေါ် အစောပိုင်းတုံ့ပြန်မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က အမေရိကန်ရေနံစျေးနှုန်း ၁၆.၄% အထိ ထိုးကျ ခဲ့ပြီး Dow Jones အညွှန်းကိန်းမှာလည်း တစ်နှစ်အတွင်း အကောင်းဆုံးနေ့အဖြစ် မြင့်တက်ခဲ့သည်။ အဆိုပါနှစ်နိုင်ငံသည် လာမည့်စနေနေ့ (ဧပြီ ၁၁) တွင် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့၌ ဆက်လက် ဆွေးနွေးရန် ရှိနေသည်။

သို့သော်လည်း ယခုခိုင်မာမှုမရှိသေးသော ငြိမ်းချမ်းရေးမှာ အဖုအထစ်အချို့နှင့် စတင်ရင်ဆိုင်နေရပြီဖြစ်သည်။ လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏တိုက်ခိုက်မှုများသည် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ က ဟော်မုဇ်ရေလက်ကြားတစ်လျှောက် သင်္ဘောသွားလာမှုများကို ရပ်တန့် လိုက်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့်အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲဆင်နွှဲမှုနှင့် အချက်အချာကျသော ဟော်မုဇ်ရေလက်ကြားကို ထိရောက်စွာ ပိတ်ဆို့လိုက်မှုတို့ကြောင့် တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၂ သန်းမှ ၁၅ သန်းခန့်အထိ ပြတ်တောက်သွားခဲ့ပြီး ၎င်းမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ရေနံထောက်ပံ့မှု အကျပ်အတည်း ဖြစ်စေခဲ့သည်။

တစ်လကျော်ကြာ တိုက်ပွဲများကြောင့်ဖြစ်ပေါ်ခဲ့သော ထိခိုက်မှုများပြေလျော့သွားရန် လပေါင်းများစွာကြာမြင့်နိုင်ကြောင်း လေ့လာဆန်းစစ် သူများက သတိပေးထားသည်။ အကယ်၍ ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ပါက ရေနံရှားပါးမှု၊ အာမခံကြေး မြင့်မားမှု သို့မဟုတ် သင်္ဘောများဘေးကင်းစွာဖြတ်သန်းနိုင်ရေးအတွက် ထပ်ဆောင်းကုန်ကျစရိတ်များကြောင့် ရေနံစျေးနှုန်းများအပေါ် ငွေကြေးဖောင်းပွမှု သက်ရောက်မှုများ ဆက်လက်ရှိနေနိုင်မည်ဖြစ်သည်။

ကိုးကား- CNN

Photo: Euronews

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး