စွမ်းအင်အကျပ်အတည်းသည် လပေါင်းများစွာ ကြာမြင့်ဦးမည်ဟု ကရင်မလင် အထူးကိုယ်စားလှယ် သတိပေး

News Image

  • စွမ်းအင်အကျပ်အတည်းသည် လပေါင်းများစွာ ကြာမြင့်ဦးမည်ဟု ကရင်မလင် အထူးကိုယ်စားလှယ် သတိပေး

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြားဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုများမှ ပြန်လည်နာလန်ထူရန် ကမ္ဘာ့စွမ်းအင် စျေးကွက်သည် လပေါင်းများစွာ အချိန်ယူရဦးမည်ဟု ကရင်မလင်အထူးကိုယ်စားလှယ် Kirill Dmitriev က သတိပေးလိုက်သည်။ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းသည် စျေးကွက်အပေါ် ချက်ချင်းသက်ရောက်မှုရှိလာရန် မဖြစ်နိုင်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

အီရန်နိုင်ငံ၏ ၁၀ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်အပေါ်အခြေခံ၍ ရေရှည် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ညှိနှိုင်းရန်အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သီတင်းနှစ်ပတ်ကြာ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေးကိုကြေညာခဲ့ပြီးနောက် ၎င်း၏မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ အစီအစဉ်အရ အီရန်သည် ရေလက်ကြားအပေါ် ထိန်းချုပ်ခွင့် ဆက်လက်ရရှိထားမည်ဖြစ်သည်။

အဆိုပါသတင်းကြောင့် ရေနံစျေးနှုန်းများ ပြန်လည် ကျဆင်းသွား သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ Dmitriev ကမူ "ဟော်မုဇ်ရေလက်ကြား ပွင့်နေလျှင်တောင်မှ စွမ်းအင်စျေးကွက် ပုံမှန် အခြေအနေသို့ ပြန်ရောက်ရန် လပေါင်းများစွာ ကြာလိမ့်မည်" ဟု သတိပေးခဲ့သည်။

Dmitriev ၏ ခန့်မှန်းချက်သည် Bloomberg သတင်းဌာန၏ အစီရင်ခံစာတစ်ခုအပေါ် တုံ့ပြန်ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ အစီရင်ခံစာတွင် အာရှလေကြောင်းလိုင်း အကြီးအကဲအချို့က လေယာဉ်ဆီစျေးနှုန်းများတည်ငြိမ်ရန် လပေါင်းများစွာ ကြာမြင့်ဦးမည်ဖြစ်ကြောင်း သတိပေးခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း (IATA) ၏ ညွှန်ကြားရေးမှူးချုပ် Willie Walsh ကလည်း "ဟော်မုဇ်ရေလက်ကြားကိုပြန်ဖွင့်ပြီး ဆက်လက် ဖွင့်ထားနိုင်ခဲ့ရင်တောင် အရှေ့အလယ်ပိုင်းက ရေနံချက်လုပ်မှုစွမ်းရည် အနှောင့်အယှက်ဖြစ်ခဲ့ တာကြောင့် လိုအပ်တဲ့ထောက်ပံ့မှုပမာဏ ပြန်ရဖို့အတွက် လပေါင်းများစွာ အချိန်ယူရဦးမှာပါ" ဟု မှတ်ချက်ပြုခဲ့သည်။

အဆိုပါ ပဋိပက္ခကြောင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ရေနံချက်စက်ရုံ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေရှည်ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် စစ်ပွဲစတင်ချိန်မှစ၍ လေယာဉ်ဆီ စျေးနှုန်းမှာ နှစ်ဆကျော် မြင့်တက်လာခဲ့သည်။ Thai Airways ၏ CEO ဖြစ်သူ Chai Eamsiri က ယခုဖြစ်ပေါ်နေသောရိုက်ခတ်မှုမှာ ၎င်း၏ နှစ်ပေါင်း လေးဆယ်နီးပါး လုပ်သက်အတွင်း အဆိုးရွားဆုံးဖြစ်သည်ဟု ပြောကြား ခဲ့သည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများအပြီး ဟော်မုဇ်ရေလက်ကြားကို လက်တွေ့တွင်ပိတ်ပစ်ခဲ့ရသဖြင့် ပါရှန်ပင်လယ်ကွေ့အတွင်း၌ သင်္ဘောပေါင်း ၈၀၀ ကျော် ပိတ်မိနေဆဲဖြစ်သည်။ Bloomberg ၏အဆိုအရ ကုန်သည်များနှင့် သင်္ဘောပိုင်ရှင် များသည် လက်ရှိ မရေရာသောအပစ်အခတ်ရပ်စဲရေးကာလအတွင်း မည်သည့် သင်္ဘောများက ရေလက်ကြားကို ဦးစွာစတင်ဖြတ်သန်းမည်ဆိုသည်ကို အနီးကပ်စောင့်ကြည့်နေကြသည်။ မတ်လနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) ၏ စာရင်းအရ သင်္ဘောသားပေါင်း ၂၀,၀၀၀ ခန့်မှာ ပိတ်မိနေသော သင်္ဘောများပေါ် တွင်ရှိနေပြီး ရိက္ခာပြတ်လပ်မှု၊ ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ရင်ဆိုင်နေကြရသည်။

အပစ်အခတ်ရပ်စဲရေး မကြေညာမီတွင် ထွက်ပေါ်လာသော Newsmax ၏ အစီရင်ခံစာတစ်ခုကလည်း ကမ္ဘာလုံးဆိုင်ရာ အခြေခံကုန်စည် စျေးကွက်များ ရိုက်ခတ်မှု (Commodity Shock) ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ် လာသည့်ထိခိုက်မှုများ၏ အတိုင်းအတာအစစ်အမှန်မှာ ယခုထက် ပိုမို ဆိုးရွားနိုင်ကြောင်းလည်း ဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်းတွင် စွမ်းအင် ကဏ္ဍမှသည် ဓာတ်မြေသြဇာ၊ စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် လူသုံးကုန်ပစ္စည်းများအထိ ရုတ်တရက် ပြင်းထန်သောပြတ်လပ်မှုများ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာနိုင်ကြောင်း အဆိုပါ သတင်းဌာနက သတိပေးခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး