အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရကြောင်း အမေရိကန် စွမ်းအင်ကုမ္ပဏီကြီးများ အစီရင်ခံတင်ပြ

News Image

  • အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရကြောင်း အမေရိကန် စွမ်းအင်ကုမ္ပဏီကြီးများ အစီရင်ခံတင်ပြ

အမေရိကန် စွမ်းအင်ကုမ္ပဏီကြီးများဖြစ်ကြသော ExxonMobil နှင့် Chevron တို့သည် အီရန်စစ်ပွဲနှင့် ဆက်နွှယ်သည့် ထုတ်လုပ်မှု ကျဆင်းခြင်း နှင့် ငွေကြေးဆိုင်ရာထိခိုက်မှုများ ရှိနေကြောင်း အစီရင်ခံတင်ပြခဲ့ကြသည်။ ပဋိပက္ခကြောင့် လုပ်ငန်းလည်ပတ်မှုများ ပြတ်တောက်ခြင်း၊ ဈေးကွက် မတည်ငြိမ်ခြင်းနှင့် အနောက်အုပ်စုနှင့်ဆက်နွှယ်သော သင်္ဘောလိုင်းများအပေါ် ဟော်မုဇ်ရေလက်ကြားတွင် ကန့်သတ်ပိတ်ဆို့မှုများကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က အမေရိကန် စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ထံ တင်ပြခဲ့သော မှတ်တမ်းများအရ ExxonMobil သည် ၎င်း၏ဝင်ငွေတွင် ဒေါ်လာ ၆.၅ ဘီလီယံ အထိ ထိခိုက်နစ်နာနိုင်ဖွယ်ရှိကြောင်း သတိပေးထားသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ၎င်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ ရေနံ နှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ ၂၀၂၅ ခုနှစ် နောက်ဆုံးသုံးလပတ် ထက် ၆ ရာခိုင်နှုန်းခန့် လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ယင်းမှာ ၎င်းတို့ အစုရှယ်ယာ ပါဝင်ထားသော ကာတာ (Qatar) နှင့် ယူအေအီး (UAE) ရှိ စက်ရုံအဆောက်အအုံများ တိုက်ခိုက်ခံရခြင်းကြောင့်လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

Chevron ကုမ္ပဏီကမူ ကြာသပတေးနေ့ (ဧပြီ ၉) တွင် ထုတ်ပြန်ရာ၌ ပထမသုံးလပတ်အတွင်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၃.၈ သန်းမှ ၃.၉ သန်း ခန့်သာထွက်ရှိတော့ကြောင်း သိရှိရပြီး ယခင်သုံးလပတ်က တစ်ရက်လျှင် စည်ပေါင်း ၄.၀၅ သန်း ထွက်ရှိခဲ့ရာမှ ကျဆင်းသွားခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ရင်းနှီးမြှုပ်နှံမှု အမြောက်အမြားရှိနေသော Exxon က ၎င်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ ထွက်ရှိမှု၏ ၂၀ ရာခိုင်နှုန်းမှာ ထိုဒေသမှဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကာတာနိုင်ငံရှိ သဘာဝဓာတ်ငွေ့အရည်စက်ရုံများအပါအဝင် ပျက်စီးသွားသောပိုင်ဆိုင်မှုများကို "ပြန်လည်ပြုပြင်ရန် အချိန်အတော်ကြာမြင့်လိမ့်မည်" ဟု ဖြည့်စွက်ပြောကြားခဲ့ပြီး လုပ်ငန်းများ အပြည့်အဝပြန်လည်လည်ပတ်နိုင်မည့် အချိန်ကို ခန့်မှန်းနိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ပထမသုံးလပတ် ဝင်ငွေအပေါ် အကြီးမားဆုံး ရိုက်ခတ်မှုမှာ ပဋိပက္ခကြောင့်ဖြစ်ပေါ်လာသော ဈေးနှုန်းအတက်အကျများကြောင့် ဖြစ်ပြီး ယင်းဆုံးရှုံးမှုမှာ ဒေါ်လာ ၃.၅ ဘီလီယံမှ ၄.၉ ဘီလီယံ အထိ ရှိနိုင်ကြောင်း ကုမ္ပဏီက ခန့်မှန်းထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး