အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ထိပ်တန်း ရေနံချက်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သော တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်သို့ ဂျက်လေယာဉ်ဆီ တင်သွင်းမှုများ လျော့နည်းကျပ်တည်းလာ
သမိုင်းဝင် ရေနံအကျပ်အတည်းကြောင့် တောင်ကိုရီးယားနိုင်ငံတွင် ဂျက် လေယာဉ်ဆီ ပြတ်လပ်မှုများ ကြုံတွေ့နေရပြီး နိုင်ငံအတွင်း ဖူလုံမှု ရှိစေရန် ဦးစားပေးဆောင်ရွက်နေရသဖြင့် အမေရိကန်အပါအဝင် အခြား နိုင်ငံများသို့တင်ပို့မှုကို ထိခိုက်လျက်ရှိကြောင်း ရေနံချက် လုပ်ငန်း နယ်ပယ်ရှိ သတင်းရင်းမြစ်များအရ သိရှိရသည်။
တောင်ကိုရီးယားသည် ကမ္ဘာ့ဂျက်လေယာဉ်ဆီတင်ပို့သည့် အဓိကနိုင်ငံ တစ်ခုဖြစ်ပြီး ၎င်း၏ အကြီးဆုံး ရေနံချက်စက်ရုံလေးခုဖြစ်သော SK Energy၊ GS Caltex၊ S-OIL နှင့် HD Hyundai Oilbank တို့သည် ပြီးခဲ့သည့်နှစ်က ဂျက်လေယာဉ်ဆီ စည်ပေါင်း ၈၆ သန်းခန့် တင်ပို့ခဲ့သည်။ အမေရိကန် စွမ်းအင်သတင်းအချက်အလက် စီမံခန့်ခွဲမှုဌာန (EIA) ၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် အမေရိကန်၏ ဂျက်လေယာဉ်ဆီတင်သွင်းမှု စုစုပေါင်း ၏ ၆၉ ရာခိုင်နှုန်းနီးပါးမှာ တောင်ကိုရီးယားမှ ဖြစ်သည်။
ယခုအခါ အမေရိကန်နှင့်အစ္စရေးတို့က အီရန်ကို ဗုံးကြဲ တိုက်ခိုက် ပြီးနောက် ဟော်မုဇ်ရေလက်ကြား ပိတ်သွားခြင်းကြောင့် ဖြစ်ပေါ်လာသည့်ရေနံစိမ်းပြတ်လပ်မှုသည် အဆိုပါ လောင်စာဆီတင်သွင်းမှု လမ်းကြောင်း ကို ခြိမ်းခြောက်နေပြီဖြစ်သည်။
ကုမ္ပဏီလုပ်ငန်းစဉ်များအကြောင်း ထုတ်ဖော်ပြောဆိုလိုခြင်းမရှိသည့် လုပ်ငန်းတွင်း သတင်းရင်းမြစ်နှစ်ခု၏အဆိုအရ တောင်ကိုရီးယား၏ အကြီးဆုံးရေနံချက်စက်ရုံအချို့သည် လက်ရှိတွင် ပြည်တွင်း စျေးကွက် တည်ငြိမ်ရေးကိုသာ အဓိကအာရုံစိုက်နေကြပြီး ပြည်ပတင်ပို့မှုအတွက် လည်ပတ်နှုန်းများကို လျှော့ချနေကြကြောင်း သိရှိရသည်။ “ကမ္ဘာ့ ရေနံစိမ်း ထောက်ပံ့မှု မရေရာတာကြောင့် ပြည်ပတင်ပို့မယ့် ပမာဏ တွေကို ကန့်သတ်နေရတာပါ” ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
တောင်ကိုရီးယား ရေနံချက်စက်ရုံများသည် ပုံမှန်အားဖြင့် ၎င်းတို့ ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့လေ့ရှိသည်။ သို့သော် ဂျက်လေယာဉ်ဆီသည် ရေနံချက်လုပ်ခြင်း၏ အစောပိုင်းအဆင့်တွင် ထွက်ရှိသောအမျိုးအစားဖြစ်သဖြင့် အာရှတွင်ဖြစ်ပွားနေသော စွမ်းအင် အကျပ်အတည်း၏ ရိုက်ခတ်မှုကို အမြန်ဆုံး ခံစားရခြင်းဖြစ်သည်။
သို့သော်လည်း အစိုးရက ရေနံချက်စက်ရုံများကို ထုတ်လုပ်မှုနှုန်း မြှင့်တင်ရန် တိုက်တွန်းထားသည်။ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Yang Ki-wook က ရေနံထွက်ပစ္စည်း တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခြင်းကို သတိထားကိုင်တွယ်ရမည်ဖြစ်ကြောင်းနှင့် ယခုတစ်ပတ် အတွင်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ပတင်ပို့မှု ကန့်သတ်ရန် စဉ်းစားနေခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
