အိုင်ယာလန်နိုင်ငံတွင် ပုဆိန်ကိုင်ဆောင်ထားသူတစ်ဦးက အမေရိကန် စစ်ဘက်သုံး လေယာဉ်တစ်စင်းကို ဖျက်ဆီး
အိုင်ယာလန်နိုင်ငံ၊ ရှန်နွန်လေဆိပ် (Shannon Airport) ၏ လုံခြုံရေးကို ဖောက်ထွင်းဝင်ရောက်ပြီး အမေရိကန် စစ်ဘက်သုံးလေယာဉ်တစ်စင်း ကို ဖျက်ဆီးခဲ့သည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ ထိုဖြစ်စဉ်ကြောင့် လေဆိပ်လုပ်ငန်းစဉ်များ ခေတ္တရပ်နားခဲ့ရပြီး အဆိုပါလေဆိပ်ကို အမေရိကန်က ရေရှည်အသုံးပြုနေမှုအပေါ် ဝေဖန်ဆန့်ကျင်မှုများလည်း ပြန်လည်မြင့်တက်လာခဲ့သည်။
အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗီဒီယိုမှတ်တမ်းများအရ သံသယရှိသူသည် ကောင်တီကလဲယား (County Clare) လေဆိပ်၏ တားမြစ်နယ်မြေ အတွင်းရှိ အမေရိကန်လေတပ်ပိုင် C-130 Hercules လေယာဉ်ပေါ်သို့ တက်ရောက်သွားသည်ကို တွေ့ရှိရသည်။ အစီရင်ခံစာအချို့တွင် ၎င်းသည် ပုဆိန် သို့မဟုတ် တူတစ်ချောင်းကို ကိုင်ဆောင်၍ လေယာဉ်ကို ထုရိုက်ခဲ့သည်ဟု ဆိုသော်လည်း ရဲတပ်ဖွဲ့ကမူ ရာဇဝတ်မှုမြောက်သည့် ဖျက်ဆီးမှု ဖြင့် ဖမ်းဆီးထားကြောင်းသာ ယခုအချိန်အထိ အတည်ပြုထားသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အသက် ၄၀ ကျော်အရွယ်ရှိ သံသယရှိသူအမျိုးသားသည် စနေနေ့ (ဧပြီ ၁၁) နံနက်ပိုင်းတွင် လေဆိပ်၏ တားမြစ် နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေး အက်ဥပဒေ ပုဒ်မ ၄ အရ ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်ကို လေဆိပ် ရဲတပ်ဖွဲ့၊ ရှန်နွန်လေဆိပ် မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့၊ လေဆိပ်တွင် တပ်စွဲထားသော အိုင်ယာလန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း ကိုင်တွယ်ခဲ့ကြသည်။
လုံခြုံရေးဖောက်ဖျက်မှုကြောင့် ရှန်နွန်လေဆိပ်၏ လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားခဲ့ရသဖြင့် ထွက်ခွာမည့် လေယာဉ်နှစ်စင်း ကြန့်ကြာခဲ့ပြီး ပြင်သစ်နိုင်ငံ လူးဒက်စ် (Lourdes) မှ ဆိုက်ရောက်မည့် လေယာဉ်တစ်စင်းမှာလည်း လေဆိပ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်မစတင်မီအထိ ကောင်းကင်တွင် ဝဲပျံစောင့်ဆိုင်းခဲ့ရသည်။
အဆိုပါတိုက်ခိုက်မှုသည် အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကြောင့်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မရှိသေးသော်လည်း ရှန်နွန် လေဆိပ်သည် အမေရိကန်စစ်တပ်အတွက် လောင်စာဆီဖြည့်ရာနှင့် ဖြတ်သန်းသွားလာရာ စခန်းတစ်ခုအဖြစ် အသုံးပြုနေမှုအပေါ် ဆန့်ကျင် သည့် ကျူးကျော်ဝင်ရောက်မှုများကို ထပ်တလဲလဲ ကြုံတွေ့နေရခြင်း ဖြစ်သည်။
၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ မေရီကယ်လီ (Mary Kelly) သည် အီရတ်ကို ကျူးကျော်ဝင်ရောက်တော့မည့် အခြေအနေကို ဆန့်ကျင်သည့်အနေဖြင့် လေဆိပ်ရှိ အမေရိကန်စစ်လေယာဉ်ကို ပုဆိန်ဖြင့် ဖျက်ဆီးခဲ့ဖူးသည်။ ထိုစဉ်ကတိုက်ခိုက်မှုအပြီးတွင် လုံခြုံရေးကို ချက်ချင်းတင်းကျပ်ခဲ့သော်လည်းရက်ပိုင်းအကြာ ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် Pitstop Ploughshares အဖွဲ့က ရှန်နွန်လေဆိပ်သို့ ဝင်ရောက်ပြီး အမေရိကန်ရေတပ် လေယာဉ် တစ်စင်းကို ထပ်မံဖျက်ဆီးကာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ် ခဲ့ကြသည်။
မကြာသေးမီက ဖြစ်စဉ်တစ်ခုဖြစ်သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လည်း တက်ကြွလှုပ်ရှားသူ သုံးဦးသည် ဗန်ကားတစ်စင်းကို ကန့်သတ် နယ်မြေအတွင်းသို့ မောင်းနှင်ဝင်ရောက်ကာ အမေရိကန် ရေတပ် အရန် တပ်ဖွဲ့ပိုင် Boeing 737-700 လေယာဉ်ကို ဆေးမှုတ်ဖျက်ဆီးခဲ့သဖြင့် လေဆိပ်ကို တစ်ကြိမ်ပိတ်ခဲ့ရသည်။ ထိုဖြစ်စဉ်မတိုင်မီ လအနည်းငယ်ကလည်း အမျိုးသမီးသုံးဦးသည် လေဆိပ်နယ်နိမိတ်ကို ဖောက်ထွင်း ဝင်ရောက်ပြီး အမေရိကန်နှင့် ဆက်နွှယ်သော လေယာဉ်တစ်စင်းပေါ်သို့ ဆေးနီများဖြင့် ပက်၍ဖျက်ဆီးခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရဖူးသည်။
ကိုးကား- RT
Photo: Malay Mail
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
