အမေရိကန်တွင် အရေးပေါ်အခြေအနေ၌ စစ်မှုမထမ်းမနေရ အလိုအလျောက် စနစ်ကျင့်သုံးရန် ပြင်ဆင်နေ
အမေရိကန်နိုင်ငံတွင် အမျိုးသားအရေးပေါ်အခြေအနေအတွင်း စစ်မှုထမ်းရန်အတွက် အလိုအလျောက် စာရင်းသွင်းသည့်စနစ် (Automated military conscription) ကျင့်သုံးရန် အစီအစဉ်များသည် တိုးတက်လျက်ရှိပြီး ယခုနှစ်ကုန်တွင် အကောင်အထည်ဖော်နိုင်ရန် စီစဉ်ထားကြောင်း စာရင်းပြုစုရန် တာဝန်ပေးအပ်ခြင်းခံရသည့် Selective Service System (SSS) အေဂျင်စီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက အတည်ပြုခဲ့သော FY 2026 အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) တွင် ပါဝင်သည့် ပြဋ္ဌာန်းချက် များအရ စစ်မှုထမ်းရန်စာရင်းသွင်းသူ လျော့နည်းလာမှုကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတာဝန်ကို တစ်ဦးချင်းစီထံမှ SSS အေဂျင်စီထံသို့ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ အပြောင်းအလဲများသည် အေဂျင်စီ၏ဝက်ဆိုက်ပေါ်တွင် မကြာသေးမီကဖော်ပြခဲ့သော နောက်ဆုံးရအချက်အလက်များကြောင့် ယခုသီတင်းပတ်အတွင်း မီဒီယာများ၏အာရုံစိုက်မှုကို တစ်ကျော့ပြန် ရရှိလာခဲ့သည်။ SSS အနေဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ ထိုစနစ်ကို အပြီးသတ်အကောင်အထည်ဖော်ရန် မျှော်လင့်ထားပြီး ပိုမိုမြန်ဆန်သော မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် ဝန်ထမ်းအင်အား ပြန်လည် ပြင်ဆင်ဖွဲ့စည်းမှု ကို ရည်မှန်းဆောင်ရွက်နေခြင်း ဖြစ်သည်။
လက်ရှိစနစ်အရ အမေရိကန်တွင် နေထိုင်နေသော (တရားမဝင် ဝင်ရောက်လာသူများအပါအဝင်) အသက် ၂၆ နှစ်အောက် အမျိုးသားအများစုသည် စစ်မှုထမ်းရန်အတွက် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်သည်။ စာရင်းသွင်းရန် ပျက်ကွက်သူများသည် ဒဏ်ငွေ ဒေါ်လာ ၂၅၀,၀၀၀ အထိ ပေးဆောင် ရခြင်း၊ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရခြင်းနှင့် နိုင်ငံသားဖြစ်ခွင့်လျှောက်ထားရာတွင် ကန့်သတ်ချက်များ ကြုံတွေ့ရနိုင်ပါသည်။ စနစ်သစ် အောက်တွင်မူ SSS သည် အစိုးရ၏ Databases အသီးသီးမှ ကိုယ်ရေး အချက်အလက်များကိုရယူကာ ၎င်းတို့၏ စစ်မှုထမ်းစာရင်းကို အလိုအလျောက် ပြုစုသွားမည် ဖြစ်သည်။
အမေရိကန်စစ်တပ်သည် ၁၉၇၀ ပြည့်နှစ်များအစောပိုင်းကတည်းက ဆန္ဒအလျောက် စစ်မှုထမ်းစနစ် (All-volunteer force) ကိုသာ အမှီပြု ခဲ့သည်။ သမ္မတ ရစ်ချက် နစ်ဆင် (Richard Nixon) သည် ဗီယက်နမ် စစ်ပွဲအပေါ် လူထု၏မကျေနပ်မှုကိုဖြစ်စေသော အဓိကအကြောင်းရင်း မှာ မဖြစ်မနေစစ်မှုထမ်းရသည့်စနစ် (Mandatory conscription) ဖြစ်သည် ဟု ရှုမြင်ခဲ့ပြီး ၁၉၆၈ ခုနှစ် ရွေးကောက်ပွဲတွင် ထိုစနစ်ကိုရပ်တန့်ရန် ကတိပြုကာ ယှဉ်ပြိုင်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် စစ်မှုထမ်းရန် မှတ်ပုံတင်ခြင်းကို ခေတ္တရပ်နားခဲ့သော်လည်း ဆိုဗီယက်တို့ အာဖဂန် နစ္စတန်သို့ ကျူးကျော်ဝင်ရောက်လာပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် ပြန်လည်စတင်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ပင်တဂွန်သည် စေတနာ့ဝန်ထမ်း စုဆောင်းရေးနှင့် အမျိုးသားစစ်မှုထမ်းစာရင်း ထိန်းသိမ်းရေးတို့တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ စစ်သားသစ်ရရှိမှုလိုအပ်ချက်ကို ဖြေရှင်းရန်အတွက် စစ်မှုထမ်းရန်သတ်မှတ်ချက်စံနှုန်းများကို လျှော့ချခဲ့ရသကဲ့သို့အလိုအလျောက်မှတ်ပုံတင်ခြင်းစနစ်သို့ ပြောင်းလဲခြင်းမှာလည်း စစ်မှုထမ်းရန်ဖြစ်နိုင်ခြေရှိသူ အရေအတွက်ကိုမြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
စစ်ပွဲဆန့်ကျင်ရေး အဖွဲ့အစည်းများစွာကမူ အဆိုပါအပြောင်းအလဲကို ပြန်လည်စဉ်းစားရန် ကွန်ဂရက်လွှတ်တော်ကို တိုက်တွန်းထားကြသည်။ ၎င်းတို့က ထိုစနစ်သည် "စစ်မှုထမ်းရမည့်သူများ၏ တိကျပြီး ပြည့်စုံသော စာရင်းကို ထုတ်ပေးနိုင်မည်မဟုတ်သည့်အပြင် စစ်ပွဲဖြစ်ပွားနိုင်ခြေကိုပိုမိုမြင့်မားစေကာ အမေရိကန်နိုင်ငံသားများနှင့် နေထိုင်သူများ၏ ကိုယ်ရေးလုံခြုံမှုကိုလည်း ချိုးဖောက်ရာရောက်လိမ့်မည်" ဟု အငြင်းပွား နေကြသည်။ ဝေဖန်သူများ၏ အယူအဆအရ စုစည်းထားသော Database သည် အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ လွဲမှားစွာ အသုံးချခြင်းနှင့် လက်နက်သဖွယ် အသုံးပြုခြင်းတို့ကို ခံရနိုင်ခြေရှိကြောင်း ထောက်ပြနေကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
