အစောပိုင်းတိုက်ခိုက်မှုတစ်ခုအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် အီရန်အဓိပတိ၏ အကြံပေးပုဂ္ဂိုလ် ကွယ်လွန်

News Image

  • အစောပိုင်းတိုက်ခိုက်မှုတစ်ခုအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် အီရန်အဓိပတိ၏ အကြံပေးပုဂ္ဂိုလ် ကွယ်လွန်

အီရန်အဓိပတိ၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Kamal Kharazi သည် ယခုလအစောပိုင်းက ၎င်း၏နေအိမ်ကို ပစ်မှတ်ထားသည့် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုတစ်ခုအတွင်း ရရှိခဲ့သောဒဏ်ရာများဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း တီဟီရန်အစိုးရက ပြောကြားခဲ့သည်။

အီရန်အစိုးရပိုင် မီဒီယာများက ကြာသပတေးနေ့ (ဧပြီ ၉) တွင် ထုတ်ပြန်ရာ၌ "အမေရိကန်-ဇီယွန်ဝါဒီ ရန်သူများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော Kharazi သည် လွန်ခဲ့သော နာရီအနည်းငယ်ခန့်က အာဇာနည်အဖြစ် အသက်ပေးလှူသွားခဲ့သည်" ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း Kharazi ၏ ဇနီးဖြစ်သူ သေဆုံးခဲ့ပြီး Kharazi ကိုယ်တိုင်လည်း စိုးရိမ်ရသည့်ဒဏ်ရာများဖြင့် အနီးရှိဆေးရုံ တစ်ခုသို့ အရေးပေါ်ပို့ဆောင်ကုသခဲ့ရကြောင်း အီရန်တာဝန်ရှိသူများက ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။

CNN သတင်းထောက် Frederik Pleitgen သည် ပြီးခဲ့သည့် မတ်လ အတွင်းက တီဟီရန်မြို့တွင် Kharazi နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှု တစ်ခုပြုလုပ်ခဲ့ပြီး ၎င်းမှာ ဒေသတွင်းစည်းမျဉ်းများအရ အီရန်အစိုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုအင်တာဗျူးတွင် Kharazi က အီရန်နိုင်ငံအနေဖြင့် ပဋိပက္ခကို အချိန် ကြာမြင့်စွာ ဆက်လက်ရင်ဆိုင်သွားနိုင်ကြောင်း CNN သို့ ပြောကြားခဲ့ပြီး သံတမန်ရေးရာအရဖြေရှင်းရန် လမ်းစမမြင်ကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့သည်။ ၎င်းက ထိုစစ်ပွဲသည် စီးပွားရေးအရ ထိခိုက်နစ်နာမှုများ ပြင်းထန်လာမှသာ အဆုံးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး